သတိုး
၁၂. ၇. ၂၀၂၆
ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာ၌ ယနေ့သည် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် အထင်ကရဖြစ်ပြီး အေးချမ်းသာယာသည့်ပန်းမြို့တော်ပြင်ဦးလွင်၏ သမိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အနီးစခန်းလေဆိပ် ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်၏လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့အတွက်ပါ အရေးပါသည့် ကြိုးပမ်းဆောင်ရွက်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း၊အနီးစခန်းလေဆိပ်သည် လွတ်လပ်ရေးမရမီကာလကတည်းက ဖောက်လုပ်တည်ရှိခဲ့သည့် သမိုင်းအစဉ်အလာကြီးမားသော လေဆိပ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထိန်းသိမ်းထားခဲ့ကြောင်း၊ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ဒါကိုတာလေယာဉ်များ၊ တပ်မတော် (လေ) မှ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲအသုံးပြုခဲ့ကြောင်း၊ ယခင်က လေယာဉ်ပြေးလမ်း အလျားပေ ၄၄၅၀ နှင့် အကျယ်ပေ ၂၀၀ ရှိသည့် ကျောက်ရောမြေကြီးကွင်းတစ်ခုသာဖြစ်ခဲ့ကြောင်း ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် မူလ လေယာဉ်ပြေးလမ်းကို အလျားပေ တစ်သောင်းအထိ ရရှိရေးအတွက် တစ်ဆက်တည်းရှိနေသည့် မြောက်ဘက်ကို တိုးချဲ့တည်ဆောက်ခဲ့ပြီး ကွန်ကရစ်ခင်း လေယာဉ်ရပ်နားနေရာကိုလည်း အလျား ပေ ၆၀၀ ၊ အနံ ပေ ၃၀၀ တည်ဆောက်ခဲ့ရာ ၂၀၀၆ ခုနှစ်၌ ပြီးစီးခဲ့ပြီးဖြစ်သည့်အတွက် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ဆင်းသက်အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ရွေးကောက်တင်မြှောက်ခံရပြီး တာဝန်ယူနေသည့် နိုင်ငံတော်အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီးကို ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို အင်တိုက်အားတိုက် ဖြည့်ဆည်းတည်ဆောက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်းတည်ဆောက်ရာတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ကြောင့်လည်း လေဆိပ်များအပါအဝင် အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းစီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၂၈ ခု ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အနီးစခန်းလေဆိပ်သည် ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာနိုင်တော့ မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကျော်တွင် တည်ရှိကြောင်း၊ တစ်နှစ်ပတ်လုံး သင့်တင့်မျှတသည့် ရာသီဥတုရှိပြီး ပန်းမန်များ ဖူးပွင့်ဝေဆာကာ သာယာလှပသည့် မြို့ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝက ဖန်တီးပေးထားသည့် အပန်းဖြေစခန်းများ တည်ရှိပြီး ရှေးဟောင်းဗိသုကာပညာလက်ရာများကိုပါ တွေ့မြင်ခံစားနိုင်သောကြောင့် ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအကြား စိတ်ပါဝင်စားမှုများပြီး အထင်ကရကျော်ကြားခဲ့ကြောင်း၊ ပြင်ဦးလွင်ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီးတစ်ခုအဖြစ် တည်ဆောက်နေကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အနီးစခန်းလေဆိပ်ကို လေဆိပ်တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင် ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၀၀၀၀၀ ဝင်/ထွက် အသုံးပြုနိုင်သည့် အလျား ပေ ၁၂၀ ၊ အနံ ပေ ၈၀ ရှိ steel structure နှစ်ထပ်လေဆိပ် အဆောက်အအုံသစ်ကို တည်ဆောက် ခဲ့ကြောင်း၊ Boeing 737-800 တို့ကဲ့သို့ လေယာဉ်အမျိုးအစားသုံးစင်း တစ်ပြိုင်တည်း ရပ်နားအသုံးပြုနိုင်စေရန် အလျား ပေ ၆၀၀၊ အနံ ပေ ၅၅၀ အထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာ၊ အလျား ပေ ၃၀၊ အနံ ပေ ၂၀ နှင့် အမြင့် ၅၆ ပေရှိ လေကြောင်းထိန်း မျှော်စင်သစ်တို့ကိုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ဆင်းသက်မှု အထောက်အကူပြုလမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း လျှပ်စစ်မီးစနစ်များနှင့် လေယာဉ်ရောက်ရှိ နေရာပြလေကြောင်းလမ်းညွှန်စက်များကိုပါ တပ်ဆင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ကို ဂုဏ်ပြု အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့် အနီးစခန်းလေဆိပ်သည် ပြင်ဦးလွင်ဒေသ၏ ခရီးသွားကဏ္ဍတစ်ခုတည်းအတွက်သာမကဘဲ နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ (ICT Sector) ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟိုချက်မဖြစ်သည့် “ရတနာပုံဆိုက်ဘာစီးတီး” ကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ဆောင်ရွက်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေး တံခါးပေါက် (Strategic Gateway) ဖြစ်လာမည်လည်း ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ နည်းပညာဖွံ့ဖြိုးမှုနှင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးနိုင်မည်ပင်ဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် ပန်းမြို့တော် ပြင်ဦးလွင်ဒေသ၏ အဓိကဂုဏ်ဆောင်ဖြစ်သည့် အဆင့်မြင့်ပန်းမန်များ၊ ကော်ဖီနှင့် စတော်ဘယ်ရီစသည့် လတ်ဆတ်မှု လိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည် ပို့ဆောင်ရေးစနစ် (Air Cargo & Cold Chain Logistics) ကို အသုံးပြုပြီး ပြည်တွင်းဈေးကွက်များသာမက ပြည်ပနိုင်ငံများသို့ပါ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးပြီး ဒေသဖွံ့ဖြိုးရေးနှင့် ခေတ်မီစိုက်ပျိုးစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့် အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို ပိုမိုကြီးမားသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လေယာဉ်များ အမြန်ဆင်းသက်ထွက်ခွာနိုင်မည့် ဝင်လမ်း ထွက်လမ်းများ၊ ကုန်စည်တင် လေယာဉ်ရပ်နားနေရာ၊ ကုန်စည်သိုလှောင်ရုံစသည့် အခြေခံအဆောက်အအုံများကိုလည်း အဆင့်ဆင့်ဖြည့်ဆည်းတည်ဆောက်ပြီး အဆင့်မြှင့်တင်သွားရန် လျာထား စီစဉ်ထားပြီးဖြစ်ကြောင်း၊ ယခုလေဆိပ်သည် ရှမ်းပြည်နယ်ရှိ လေဆိပ်များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ လေဆိပ်များနှင့် ကွန်ရက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို အထောက်အကူပြုပြီး ကုန်သွယ်ရေးနှင့် နည်းပညာစီးဆင်းမှုများမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးမည့် လေဆိပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ယင်းအပြင် အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ အရေးကြီး အခြေခံအဆောက်အအုံများမှ စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံကိန်းကာလအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအောင်မြင်မှုအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အမြားအကုန်အကျခံ တည်ဆောက်ပေးခဲ့သည့် အနီးစခန်းလေဆိပ်ကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်နှင့် လေဆိပ်ကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
