၁၃.၇.၂၀၂၆
Written by Linn Eain
ဧရာဝတီတိုင်းဒေသကြီးတွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ရေကြီးနိုင်မည့် အန္တရာယ်ဇုန်အတွင်း ရောက်ရှိလာနေပြီဖြစ်၍ အရေးပေါ် မိုးလေဝသနှင့်ရေကြီးရေလျှံမှု သတိပေးနှိုးဆော်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ၎င်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုကွန်ရက်က တစ်ဆင့်ထုတ်ပြန်ထားသည်။

အဆိုပါ သတိပေးနှိုးဆော်ချက်တွင် လက်ရှိအချိန်တွင် အိမ်နီးနားချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ပြင်းထန်စွာဖြစ်ပွားနေသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လည်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီးနိုင်မည့် အန္တရာယ်ဇုန်အတွင်းသို့ ရောက်ရှိလာနေပြီဖြစ်ကြောင်း နှိုးဆော်ထားသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငဝန်မြစ်ရေသည် ဇူလိုင် ၁၃ ရက်၊ နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်သို့ရောက်ရှိနေပြီး နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိဘပြည်သူများ၊ လယ်သမားကြီးများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော နေ့စဉ်မြစ်ရေခန့်မှန်းချက်များနှင့် မိုးလေဝသသတင်းများကို အထူးဂရုပြု မျက်ခြေမပြတ်စောင့်ကြည့်ရန်၊ ရေနစ်မြုပ်နိုင်ခြေရှိသော အနိမ့်ပိုင်းဒေသများရှိ လယ်ယာသုံးပစ္စည်းများ၊ မျိုးစေ့များနှင့် အဖိုးတန်ကုန်ပစ္စည်းများကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ကြိုတင်ရွှေ့ပြောင်းစုဆောင်းထားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က သတိပေးနှိုးဆော်ထားသည်။
ထို့ပြင် ရိက္ခာနှင့် အရေးပေါ်ဆေးဝါး စုဆောင်းရန်အတွက် သန့်ရှင်းသောသောက်သုံးရေ၊ ခြောက်သွေ့သော ရိက္ခာခြောက်များနှင့် မရှိမဖြစ်လိုအပ်သော အရေးပေါ်ဆေးဝါးများကို ကြိုတင်စုဆောင်းထားရှိကြပါရန်နှင့် ရေဝင်ရောက်နိုင်သည့် နေရာများရှိ လျှပ်စစ်မိန်းခလုတ်များ၊ ဝါယာကြိုးများကို ကြိုတင်စစ်ဆေးပြီး လိုအပ်ပါက ဖြတ်တောက်ထားကြရန် သတိပေးနှိုးဆော်ထားသည်။


