သက်တံ့
၁၁ . ၇ . ၂၀၂၆
အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနာပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့အနီးရှိ ရှာဘတ် (Shabad) မြို့တွင် သောကြာနေ့ (ဇူလိုင် ၁၀ ရက်) ညပိုင်းက သွေးအေးလှသည့် ဆက်တိုက်လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့ကာ ဖြစ်စဉ်မှာ အသက် ၃၅ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သူ တရားခံ ဘီ ရာ့ချ်ကူးမား (B Rajkumar) သည် ၎င်းအား ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (POCSO) ဖြင့် တိုင်ချက်ဖွင့်ထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်၊ သူမ၏ မိခင်နှင့် အဘွားတို့ကို သတ်ဖြတ်ခဲ့သည့်အပြင် မိမိ၏ဇနီးနှင့် သားငယ်နှစ်ဦးကိုပါ ရက်ရက်စက်စက် ထပ်မံလုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရားခံသည် သောကြာနေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်း၏ကျေးရွာမှ ရှာဘတ်မြို့သို့ ကားဖြင့် ၆ ကီလိုမီတာခန့် မောင်းနှင်လာခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် မေလအတွင်းက မိန်းကလေးအား နောက်ယောင်ခံလိုက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ၎င်းအပေါ် POCSO ဥပဒေပုဒ်မ ၁၁၊ ၁၂ တို့ဖြင့် တိုင်ချက်ဖွင့်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး၏ နေအိမ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဆယ်ကျော်မိန်းကလေးနေအိမ်သို့အရောက် အသက် ၄၂ နှစ်အရွယ်ရှိ မိန်းကလေး၏ မိခင်က တံခါးဖွင့်ပေးလိုက်သည့်အချိန်တွင် တရားခံက ဓားဖြင့် အသေအလဲ တိုက်ခိုက်ခဲ့သည်။ ထို့နောက် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကုတင်ပေါ်တွင် အိပ်ပျော်နေသည့် မိန်းကလေး၏ အသက် ၆၀ အရွယ် အဘွားဖြစ်သူကို ထပ်မံသတ်ဖြတ်ခဲ့ပြီးနောက် အဆိုပါ ဆယ်ကျော်သက် မိန်းကလေးငယ်ကို ၎င်း၏ကားပေါ်သို့ အဓမ္မခေါ်ဆောင်သွားခဲ့သည်။
“အံ့ဩစရာကောင်းတာက အိမ်မှာရှိနေတဲ့ အသက် ၂၀ အရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ မိန်းကလေးရဲ့ အစ်မဖြစ်သူကိုတော့ တရားခံက တစ်စုံတစ်ရာ အန္တရာယ်ပြုမသွားခဲ့ပါဘူး” ဟု ရှာဘတ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့နောက် တရားခံသည် မိန်းကလေးကို ၎င်း၏ဇာတိရွာရှိ ရေကန်တစ်ခုသို့ ခေါ်ဆောင်သွားကာ ဓားဖြင့် ထိုးသတ်ခဲ့ပြီး ရေကန်ဘောင်အနီးတွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့သည်။ ယင်းနောက် ည ၁၁ နာရီ ၂၁ မိနစ်တွင် ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ၆ မိနစ်အကြာတွင် အိပ်ပျော်နေသည့် ၎င်း၏အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူ ဆာရီတာ (Sarita) နှင့် အသက် ၄ နှစ်၊ အသက် ၁၈ လအရွယ် သားငယ်နှစ်ဦးတို့၏ လည်ပင်းကို လှီးဖြတ်ကာ သတ်ဖြတ်ပြီးနောက် အိမ်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။
လူသတ်မှုများ ကျူးလွန်ပြီးနောက် တရားခံသည် ရှာဘတ်မြို့တွင် နေထိုင်သည့် ၎င်း၏ဖခင်ဖြစ်သူထံ ဖုန်းဆက်၍ ဖြစ်ပွားခဲ့သမျှကို ပြောပြခဲ့ပြီး ကားဖြင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ၎င်း၏ဖခင်ဖြစ်သူက ရှာဘတ်ရဲစခန်းသို့ ချက်ချင်းသွားရောက် သတင်းပို့ခဲ့သဖြင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာများသို့ ရောက်ရှိလာကာ ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့သည်။
ရှာဘတ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မေလတွင် POCSO အမှုဖြင့် အမှုဖွင့်ခံရပြီးနောက် တရားခံသည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဇွန်လတွင် ရှာဘတ်ဒေသခံတရားရုံး၌ ကြိုတင်အာမခံ (Anticipatory bail) လျှောက်ထားခဲ့သည်။ ၎င်းကျူးလွန်သည်ဟု စွပ်စွဲထားသောအမှုမှာ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်အောက်သာ ရှိသောကြောင့် တရားရုံးက အာမခံလျှောက်လွှာကို ခွင့်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း တရားရုံးညွှန်ကြားချက်အရ ၎င်းကို ရူပီးငွေ ၂၀,၀၀၀ တန် ကိုယ်တိုင်ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရဲမင်းကြီး Mr. Tarun Joshi နှင့် ဒုတိယရဲမင်းကြီး Mr. Gautam တို့သည် ပြစ်မှုကျူးလွန်ရာနေရာနှစ်ခုလုံးသို့ သွားရောက်စစ်ဆေးခဲ့ပြီး လူသတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Future City ရဲမင်းကြီး Mr. Tarun Joshi က “လက်ရှိမှာ တရားခံဟာ ထွက်ပြေးလွတ်မြောက်နေပြီး သူ့ကို ဖမ်းဆီးရမိဖို့အတွက် လူအင်အားသုံး ပိုက်စိပ်တိုက် ရှာဖွေမှုတွေ စတင်နေပါတယ်။ ဘာအကြောင်းရင်းကြောင့် အခုလို တရားလိုမိန်းကလေးရဲ့ မိသားစုနဲ့ မိမိရဲ့ မိသားစုဝင်တွေကိုပါ အကုန်သတ်ဖြတ်ရသလဲဆိုတဲ့ တွန်းအားပေးမှုကိုတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး” ဟု ပြောကြားခဲ့သည်။
Ref: Times of India, The News Minute
