◾ မသေဆုံးမီ ထူးဆန်းသည့်အပြုအမူများနှင့် ငှားနေသည့် ဇိမ်ခံနေအိမ်ကို ဖျက်ဆီးမှုများ ပြုလုပ်သွားသဖြင့် ဖြစ်စဥ်အပေါ် စိတ်ဝင်စားမှုများ မြင့်တက်နေ
သက်တံ့
၉. ၇. ၂၀၂၆
အမေရိကန်နိုင်ငံသား ကိုယ်ကာယလှုပ်ရှားမှုဆိုင်ရာ အွန်လိုင်းဆယ်လီ (Fitness Influencer) နှင့် ယူကျု့ဘာတစ်ဦးဖြစ်သူ ကော်နာ မိုက်ကယ် မာဖီ (Connor Michael Murphy) သည် ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီ (Bang Phli) ခရိုင်ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုအတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းမီဒီယာများက ဖော်ပြကြသည်။
အသက် ၃၂ နှစ်အရွယ်ရှိ မာဖီကို ပိုတက်တွန်း ဖောင်ဒေးရှင်း (Poh Teck Tung Foundation) မှ ရေငုပ်သမားများက မိနစ် ၃၀ ခန့် ရှာဖွေခဲ့ပြီးနောက် ကမ်းခြေမှ မီတာ ၂၀ ခန့်အကွာ ရေအောက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကနဦး စစ်ဆေးချက်များအရ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ မတွေ့ရှိရဘဲ ရဲတပ်ဖွဲ့က ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရန် ရာမာသီဘိုဒီ ချက်ကရီ နာရူးဘဒင်ဒရာ (Ramathibodi Chakri Naruebodindra) ဆေးရုံသို့ ပို့ဆောင်ထားသည်။

အဆိုပါဖြစ်စဉ်သည် ရေကန်ကြီးတစ်ခုနှင့် ကပ်လျက်ရှိသည့် ၎င်းငှားရမ်းနေထိုင်သော ဇိမ်ခံအိမ်ဘေးတွင် ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးခဲ့သည့် အိမ်ရာဝင်းဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ မာဖီသည် ထူးဆန်းသော အပြုအမူများ ပြုလုပ်နေပြီးနောက် ရေထဲသို့ ပြေးဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မျက်မြင်သက်သေများကမူ ၎င်းသည် ရေကန်ကြီးထဲတွင် ကူးခတ်နေရင်း မောပန်းနွမ်းနယ်လာဟန်ရှိကာ ရေအောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရေကန်မှာ ၁၀ မီတာ (ပေ ၃၀ ကျော်) ထက်မက နက်လွန်းသဖြင့် မျက်မြင်သက်သေများက ရေထဲ ဆင်းမကယ်ရဲကြဘဲ နောက်ပိုင်းတွင်မှ ကယ်ဆယ်ရေးရေငုပ်သမားများကို ခေါ်ယူကာ ရုပ်အလောင်းကို ဆယ်ယူခဲ့ရခြင်း ဖြစ်သည်။


ရဲတပ်ဖွဲ့က မာဖီ ငှားရမ်းနေထိုင်သည့် ကန်ဘေးရှိ ဇိမ်ခံအိမ်ကို သွားရောက်စစ်ဆေးရာတွင် အိမ်တွင်းပစ္စည်းများ ဆိုးဆိုးရွားရွား ဖျက်ဆီးခံထားရသည်ကို တွေ့ရှိခဲ့သည်။ ဘတ် ၂၂ သန်းတန်ဖိုးရှိ အဆိုပါအိမ်အတွင်းရှိ ပရိဘောဂများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများပေါ်တွင် အမည်းရောင်နှင့် အဝါရောင် ဆေးရည်များ ပက်ဖြန်းထားသည်ကို တွေ့ရသည်။ အိမ်ပိုင်ရှင်ဖြစ်သူ ဗျူး (Ms. View) ၏ ပြောကြားချက်အရ မာဖီနှင့် ၎င်း၏ အသက် ၂၂ နှစ်အရွယ် ရည်းစားဖြစ်သူ ဘီး (Bee) တို့သည် အဆိုပါအိမ်ကို တစ်လလျှင် ဘတ် ၃၅,၀၀၀ ဖြင့် ငှားရမ်းခဲ့ပြီး နေထိုင်ခဲ့သည်မှာ ၃ လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
မာဖီ၏ ချစ်သူဖြစ်သူ ဘီးက အဆိုပါ ပျက်စီးမှုများသည် ၎င်းအခြားအခန်းတစ်ခုတွင် အိပ်ပျော်နေသည့် ညပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ပုံရသည်ဟု ပြောသည်။ ဖြစ်စဉ်မတိုင်မီက မာဖီသည် ပုံမှန်အတိုင်းပင်ရှိနေပြီး အတူနေထိုင်စဉ်အတွင်း ၎င်းမူးယစ်ဆေးဝါး သုံးစွဲသည်ကို တစ်ခါမျှ မတွေ့ဖူးကြောင်း ၎င်းက ဆိုသည်။

လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ မာဖီသည် ရေမနစ်မီက ငှားရမ်းလာသည့် မော်တော်ယာဉ်တစ်စီးဖြင့် အိမ်ရာဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ မာဖီသည် ယာဉ်မောင်းအား ဘတ် ၁,၀၀၀ ပေးခဲ့ပြီးနောက် အခြားအိမ်ရာနေသူတစ်ဦး၏ ကားနားသို့ ချဉ်းကပ်ကာ လိုက်ပါခွင့်တောင်းခဲ့ကြောင်း၊ ထို့နောက် စိတ်မတည်မငြိမ်ဖြစ်ကာ အော်ဟစ်ခြင်း၊ လူသွားလမ်းပေါ်တွင် လူးလိမ့်ခြင်းနှင့် ဆုတောင်းနေသကဲ့သို့ လက်အုပ်ချီခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင်မူ ၎င်းသည် ရေကန်ထဲသို့ ထွက်ပြေးကာ ခုန်ချသွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က တားဆီးကယ်တင်နိုင်ခြင်းမပြုမီ ရေထဲသို့ နစ်မြုပ်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် မာဖီ သေဆုံးရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ယခုဖြစ်စဉ်တွင် မူးယစ်ဆေးဝါး သို့မဟုတ် အခြားဓာတုပစ္စည်းများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် ရုပ်အလောင်းခွဲစိတ်မှုနှင့် အဆိပ်အတောက်ဆိုင်ရာ (Toxicology) စစ်ဆေးချက် အပြည့်အစုံကို အာဏာပိုင်များက စောင့်ဆိုင်းလျက်ရှိသည်။ သတင်းများအရ ရဲတပ်ဖွဲ့က မာဖီ၏ မော်တော်ယာဉ်ကို ရှာဖွေရာတွင် ခါးပတ်အိတ်တစ်ခုအတွင်းမှ အသုံးပြုရခြင်းမရှိသေးသည့် ဆေးထိုးပြွန်နှစ်ခုနှင့် မည်သည့်ဆေးအမျိုးအစားမှန်း မခွဲခြားနိုင်သေးသည့် အဖြူရောင်ဆေးပြားအချို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
မာဖီသည် ၎င်း၏ YouTube ချန်နယ်တွင် တင်ထားသည့် ဗီဒီယိုအချို့၌ စိတ်ကျန်းမာရေး ရုန်းကန်ရမှုများအကြောင်း လူသိရှင်ကြား ပြောကြားခဲ့ဖူးသော်လည်း ၎င်း၏ ရူးသွပ်ဖွယ်ရာ ပြုမူချက်အချို့မှာမူ ကြိုတင်စီစဉ် သရုပ်ဆောင်ထားခြင်းသာဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့ဖူးသည်။
မာဖီသည် ထိုင်းနိုင်ငံတွင် Destination Thailand Visa (DTV) ဖြင့် နေထိုင်နေပြီး ကိုယ်ကာယအလှအပဆိုင်ရာ ဖြည့်စွက်စာများကို အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့် အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်သည်။
၎င်းသည် ကြွက်သားတည်ဆောက်ပုံ၊ ကြံ့ခိုင်မှုနှင့် လူမှုရေးစမ်းသပ်မှု (Social-experiment) ဗီဒီယိုများကြောင့် လူသိများသူဖြစ်သည်။ ၎င်း၏ အဓိက YouTube ချန်နယ်ဖြစ်သော “Connor Murphy” တွင် ဖော်လိုဝါ ၂ ဒသမ ၃၆ သန်း ရှိပြီး ဒုတိယချန်နယ်ဖြစ်သည့် “Connor Murphy Unfiltered” တွင် ၁ ဒသမ ၂၈ သန်း ရှိသည်။ ယခုသတင်း ရေးသားချိန်အထိ ၎င်း၏ Instagram အကောင့်တွင် ဖော်လိုဝါ ၃၇၈,၀၀၀ ခန့် ရှိသည်။

မာဖီ သေဆုံးမှုကြောင့် အွန်လိုင်း ကိုယ်ကာယအလှပြလောကနှင့် Influencer အသိုင်းအဝိုင်းကြားတွင် ချက်ချင်း ရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်း၏ ဖော်လိုဝါ (Followers) များက ကာယဗလဆိုင်ရာ နောက်ပြောင်သည့် ဗီဒီယိုများမှသည် မကြာသေးမီနှစ်များအတွင်း ပိုမိုဆိုးရွား စိတ်မတည်မငြိမ်ဖြစ်လာကာ အငြင်းပွားဖွယ်ရာ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) များအထိ ၎င်း၏ အပြောင်းအလဲများကို ပြန်လည်ပြောဆိုနေကြသည်။ ကြည့်ရှုသူအများအပြားက တုန်လှုပ်ဝမ်းနည်းရကြောင်း ဖော်ပြကြပြီး အချို့ကမူ ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုများနှင့် ပုံမှန်မဟုတ်သော အွန်လိုင်းအပြုအမူများကြောင့် ယခုကဲ့သို့ ပြင်းထန်သော ဖြစ်ရပ်မျိုး ဖြစ်လာရခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။
မာဖီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ပတ္တရားအနီးရှိ ဟွေယိုင် (Huay Yai) ဒေသတွင် ၎င်း၏ ထိုစဉ်က ထိုင်းအမျိုးသမီးရည်းစားနှင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။ ထိုစဉ်က မာဖီသည် စိတ်မတည်မငြိမ်ဖြစ်ပြီး ၎င်း၏ ရည်းစားဖြစ်သူကို ဂေါက်သီးရိုက်တံဖြင့် ရိုက်နှက်ခဲ့သည်ဟူသော စွပ်စွဲချက်ကြောင့် ရဲတပ်ဖွဲ့က နေအိမ်သို့ လာရောက်ဖြေရှင်းခဲ့ရဖူးသည်။
ရဲတပ်ဖွဲ့အနေဖြင့် ရေနစ်သေဆုံးမှုအပြင် အခြားသော အဓိက သေဆုံးရသည့်အကြောင်းရင်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ မှုခင်းဆေးပညာ စစ်ဆေးချက်ရလဒ်များကို ဆက်လက်စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး မာဖီ မသေဆုံးမီ ထူးဆန်းသည့်အပြုအမူများနှင့် ငှားနေသည့် ဇိမ်ခံနေအိမ်ကို ဖျက်ဆီးမှုများ ပြုလုပ်သွားသဖြင့် ဖြစ်စဥ်အပေါ် ထိုင်းပြည်သူများ၊ ဖော်လိုဝါများနှင့် အမေရိကန်ပြည်သူများအကြား စိတ်ဝင်စားမှုများ မြင့်တက်နေကြောင်း သိရသည်။
Ref: Khaosod English

