



၉.၇.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ရက် ၁၀၀ စီမံချက်ကာလအတွင်း YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူ ၉၉ ဦးဖမ်းဆီးနိုင်ခဲ့ပြီး ဖုန်းအလုံး ၁၄၀ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ပြီး ခါးပိုက်နှိုက်တရားခံများကို ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာတွင် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ တိုင်းဒေသကြီးအတွင်းရှိ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ လှိုင်သာယာ(အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့၌ အမှုစုစုပေါင်း ၁၁၇ မှုနှင့် ကျူးလွန်သူ တရားခံကျား ၉၄ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၉၉ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခါးပိုက်နှိုက်မှုကျူးလွန်သူများထံမှ သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းအလုံး ၁၄၀ နှင့် ငွေကျပ် ၆၅၇၀၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးနှင့် ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက် ခရိုင်များအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ မှုခင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
