သတိုး
၉. ၇. ၂၀၂၆
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်စေရေးသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။
အစည်းအဝေးတွင် တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတက အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်နှင့် သတ်မှတ်ထားသည့် ၅ နှစ်အတွင်း အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်းကြောင်းတွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေးလည်း လမ်းညွှန်မှာကြားခဲ့သည်ဟု သိရသည်။
