





သတိုး
၅. ၇. ၂၀၂၆
လာအိုနိုင်ငံသမ္မတ H.E. Mr. Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထောင်လွန် ဆီဆုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်ခဲ့ပြီး လာအိုနှင့် မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်း ဖြစ်သည်။
ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆုလစ်နှင့် ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦးရှေ့မှောက်တွင် မြန်မာနှင့် လာအိုနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (Sister City MoU) ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုကာ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီမှုအပါအဝင် နှစ်နိုင်ငံအကြား အရေးကြီးကိစ္စရပ်များ ဆွေးနွေးခြင်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လာအို -မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဂါရဝပြုတွေ့ဆုံဆွေးနွေးမှုခံယူခြင်း၊ လာအိုနိုင်ငံ၏ အညတရသူရဲကောင်းများကို ပန်းခွေချ အလေးပြုခြင်း၊ သမိုင်းဝင်နေရာများနှင့် ဘုရားပုထိုးများသို့ ဖူးမြော်လေ့လာခြင်း၊ မြန်မာနိုင်ငံတွင် အောင်မြင်အောင်လုပ်ဆောင်နေသည့် MSME များ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
