



၅.၇.၂၀၂၆
Written by Thiri
မိုးသည်းထန်စွာ ရွာသွန်းနေချိန် မြစ်တွင်းသွား သင်္ဘောနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားကာ သင်္ဘောသားတစ်ဦး ရေထဲပြုတ်ကျပျောက်ဆုံးမှုဖြစ်စဉ် မနေ့က ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီကျော် အချိန်က ရန်ကုန်တိုင်း၊ တွံတေးတူးမြောင်းအတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ တွံတေးအရန်မီးသတ်တပ်ဖွဲ့ထံကနေသိရပါတယ်။
ဖြစ်စဉ်က ဇူလိုင် ၄ ရက်နေ့၊ ည ၉ နာရီ ၃၆ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်း၊ ရေမိုင်(၂၀)မှာ ဆန်တင်သင်္ဘောတစ်စင်းနဲ့ ဇော်မြင့်မြတ်(၁) ရေယာဉ်တို့ မျက်နှာချင်း ဆိုင် တိုက်မိတာကြောင့် ဇော်မြင့်မြတ် (၁) ရေယာဉ် နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။
ရေယာဉ်ပေါ်ပါရှိသူ ရေယာဉ် လုပ်သား ကျား (၉) ဦး၊ ခရီးသည် ကျား (၈) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦး အနက် (၃၁) ဦးမှာ ဘေးလွတ်ရာသို့ ရောက်ရှိခဲ့ပြီး ကျန်ရေယာဉ်လုပ်သား ကျား(၁)ဦးမှာ ပျောက်ဆုံးလျက်ရှိတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပေမယ့် မတွေ့ရှိတာကြောင့် ည ၁၁ နာရီ အချိန်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်နားခဲ့တယ်လို့ တွံတေးအရန်မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -တွံတေးအရန်မီးသတ်တပ်ဖွဲ့
