
သက်တံ့
၈. ၇. ၂၀၂၆
တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးလာမှုနှင့် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းမှုများကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဂိုဏ်းများ၏ ဝယ်ယူမှု လျော့ကျလာခြင်းက မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးကျောက်စိမ်းစျေးကွက်တွင် ကျောက်စိမ်းစျေးကွက်ကိုပါ ဂယက်ရိုက်ပြီး ဝယ်လိုအားနှင့် စျေးနှုန်းများ ကျဆင်းစေခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါမတိုင်မီက နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း (GDP) ကို ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းဝန်းကျင်အထိ အရှိန်အဟုန်ဖြင့် ထိန်းထားနိုင်ခဲ့သော်လည်း၊ မကြာသေးမီက အိမ်ခြံမြေဈေးကွက် ပြိုလဲမှုနှင့် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုများကြောင့် စီးပွားရေး တုံ့ဆိုင်းမှုနှင့် ရင်ဆိုင်နေရသည်။
စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်များအရ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များတွင် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၄ ဒသမ ၁ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်အထိသာ ရှိတော့သဖြင့် သိသိသာသာ နှေးကွေးသွားခြင်း ဖြစ်သည်။ ဤကဲ့သို့ စီးပွားရေး တိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းနီးပါးခန့် လျော့ကျသွားခြင်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအတွက် ကြီးမားသော တုံ့ဆိုင်းမှုဖြစ်ပြီး၊ ၎င်း၏ ဂယက်ကြောင့် တရုတ်လူမျိုးများ အပိုသုံးစွဲငွေ လျော့နည်းလာကာ မြန်မာ့ကျောက်စိမ်းကဲ့သို့ ဇိမ်ခံရတနာများအပေါ် အသုံးစရိတ်ကိုပါ အကြီးအကျယ် ဖြတ်တောက်ပစ်ခဲ့ကြခြင်းကလည်း ကျောက်စိမ်းစျေးကွက်ကို ပူဖောင်းပေါက်စေခဲ့သည်။
“ကျောက်စိမ်းစျေးကွက် ပူဖောင်းကြီး ပေါက်ကွဲသွားပြီ” ဟု ပြည်ပဝယ်လိုအားအပေါ် ကာလရှည်ကြာ မှီခိုခဲ့ရသည့် စျေးကွက်ပျက်စီးမှုကို မြင်တွေ့နေရသည့် ကုန်သည်တစ်ဦးက စိတ်မကောင်းစွာဖြင့် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သည် ကမ္ဘာ့အကြီးဆုံးနှင့် အကောင်းဆုံး ကျောက်စိမ်းတွင်းများ ရှိရာနေရာဖြစ်ပြီး၊ မန္တလေးမြို့သည် ကျောက်စိမ်း အချောထည်ပြုပြင်ခြင်းနှင့် အရောင်းအဝယ်ပြုလုပ်ရာ အဓိက အချက်အချာကျသော မြို့ဖြစ်သည်။
ဤစျေးကွက်သည် ကျောက်စိမ်းထွက်ရှိရာ ဒေသများနှင့် အထူးသဖြင့် တရုတ်၊ ထိုင်ဝမ် အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်အနွယ်ဖွား ဝယ်ယူသူများကို ချိတ်ဆက်ပေးရာ အဓိကဗဟိုချက်ဖြစ်ပြီး၊ ၎င်းတို့က ကျောက်စိမ်းကို ကံကောင်းစေသော အရာနှင့် တန်ဖိုးရှိသော ကုန်ပစ္စည်းတစ်ခုအဖြစ် ရှုမြင်ကြပြီး မြန်မာ့ကျောက်စိမ်း၏ အဓိကဝယ်လက်လည်းဖြစ်သည်။
ရွှေနှင့်မတူဘဲ ကျောက်စိမ်းတွင် နိုင်ငံတကာ စံသတ်မှတ်ထားသည့် အခြေခံစျေးနှုန်း မရှိပေ။ ယင်းအစား ကျောက်စိမ်းတုံး တစ်တုံးချင်းစီ၏ ကြည်လင်မှုနှင့် အရောင်အသွေးအပေါ် မူတည်၍ တန်ဖိုးကို တစ်ဦးချင်း သတ်မှတ်ကြခြင်းဖြစ်သောကြောင့် အရောင်းအဝယ်ပြုလုပ်ရာတွင် မျက်မြင်စစ်ဆေးမှုနှင့် ဝယ်သူ၊ ရောင်းသူအကြားညှိနှိုင်းမှုအပေါ် များစွာမူတည်နေသည်။
မေလလယ်ပိုင်းက စျေးကွက်သို့ သွားရောက်ကြည့်ရှုစဉ်အတွင်း ဖြတ်တောက်ထားသော ကျောက်စိမ်းရိုင်းတုံးများကို အရောင်းအဝယ်ပြုလုပ်သည့် နေရာများတွင် အစီအရီ ချထားပြီး ပွဲစားများက အရည်အသွေးကို လှည့်လည်စစ်ဆေးနေကြသည်ကို တွေ့ရသည်။ ပွဲစားများသည် စျေးနှုန်းမညှိနှိုင်းမီ ကျောက်စိမ်း၏ ကြည်လင်မှုကို အကဲဖြတ်ရန်အတွက် စိမ်းစိုပြီး အလင်းပေါက်နေသော ကျောက်စိမ်းဖြတ်ကွက်များကို မီးမောင်းများဖြင့် အနီးကပ်ထိုး၍ စစ်ဆေးခဲ့ကြသည်။
စျေးကွက်၏ အခြားတစ်နေရာတွင်မူ တရုတ်ဝယ်သူများက အရောင်းဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး မြန်မာရောင်းသူများ ယူဆောင်လာသော ကျောက်စိမ်းများကို အကဲဖြတ်ဝယ်ယူနေကြသည်။ အရည်အသွေးနှင့် တန်ဖိုးအပေါ် တစ်ဦးချင်း စစ်ဆေးခြင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက်မှသာ အရောင်းအဝယ် ဖြစ်မြောက်ကြသည်။
ကျောက်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ အလတ်စားကျောက်စိမ်းစျေးနှုန်းများသည် ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်အကြား သိသိသာသာ မြင့်တက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစတင်ကာ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
“တရုတ်နိုင်ငံနဲ့ ရာဇဝတ်မှု (ကျားဖြန့်)ကရတဲ့ ငွေကြေးတွေအပေါ်မှာပဲ မှီခိုနေရတဲ့ စနစ်က မမျှတဘူး” ဟု ၎င်းက စျေးကွက်၏ တည်ဆောက်ပုံကို ရှင်းပြခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှတွင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများ တိုးချဲ့လာခြင်းသည် ထိုကာလအတွင်း ကျောက်စိမ်းစျေးနှုန်း မြင့်တက်လာမှုနှင့် တိုက်ဆိုင်နေခဲ့သည်။
၂၀၂၃ ခုနှစ်မှစတင်၍ မြန်မာအာဏာပိုင်များက ကျားဖြန့်ငွေလိမ်ဂိုဏ်းကွန်ရက်များကို ဆက်တိုက်နှိမ်နင်းခဲ့ပြီးနောက် ကျောက်စိမ်းစျေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း အခြားကုန်သည်တစ်ဦးက ပြောသည်။ ငွေကြေးခဝါချမှုများက စျေးကွက်ကို တွန်းတင်နေခဲ့သည်ကို လုပ်ငန်းခွင်အတွင်းရှိ လူတိုင်းက နားလည်သိရှိထားကြပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုများက စျေးကွက်အခြေအနေကို ပြောင်းလဲပစ်လိုက်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ကုန်သည်များက မြန်မာနိုင်ငံအတွင်းရှိ မတည်ငြိမ်မှုများသည်လည်း ဤကဏ္ဍအပေါ် သက်ရောက်မှုရှိကြောင်း ထောက်ပြကြသည်။ ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေး နယ်မြေများမှ ကုန်ကြမ်းရရှိမှု လျော့နည်းသွားခဲ့သည်။
သို့သော် ၂၀၂၄ ခုနှစ်မှစတင်ကာ ကျောက်စိမ်းစျေးကွက်နှင့် စျေးနှုန်းများ ကျဆင်းသွားခဲ့သော်လည်း မန္တလေးကျောက်စိမ်းစျေးကွက်တွင် အရောင်းအဝယ်များ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကုန်သည်များနှင့် ပွဲစားများထံမှ သိရသည်။
Ref : Kyodo News Via Bangkok Post
