

၅. ၇ .၂၀၂၆
Written by Thiri
မြေးဖြစ်သူက အဘွားဖြစ်သူကို ဓားနဲ့ ခုတ်ထစ်လို့ အဖွားဖြစ်သူ ပြင်းထန်ဒဏ်ရာတွေရရှိကာ ဆေးရုံတင်ပို့ကုသမှု ခံယူနေရတဲ့ဖြစ်စဉ် ကချင်ပြည်နယ်၊မိုးကောင်းမြို့က ရပ်ကွက်တစ်ခုအတွင်း ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ မိုးကောင်းအခြေစိုက် ပရဟိတအသင်းက ဆောင်ရွက်မှုမှတ်တမ်းတစ်ရပ်အဖြစ် ဖော်ပြလာပါတယ်။
”ည (၂) နာရီလောက် အလန့်တကြားအော်ကြီးဟစ်ကျယ် လာနှိုးလို့ သာမာန်လူနာမှတ်ပြီး တပည့်တွေပဲ လွှတ်လိုက်တာ။ ရောက်မှ ရဲမှုခင်းဖြစ်နေတာ။ ဒီကြားထဲ လူနာရှင်က ART ဆေးသောက်နေတာကို မပြောဘဲ ဆေးရုံရောက်မှ ပြောတော့ ညတွင်းချင်း အသင်းသားတွေရော ကားရော ရေဆေးတာ၊ ရေချိုးတာ၊ ဆေးလိမ်းတာတွေ လုပ်ရတယ်။” လို့ မိုးကောင်းအခြေစိုက် ပရဟိတ အသင်းမှ တာဝန်ရှိသူက လူနာကို မိုးကောင်းပြည်သူ့ဆေးရုံဆီ ပို့ဆောင်ရာမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်ကို ပြောပြပါတယ်။
ခုတ်ထစ်ခံရသူ အဘွားဖြစ်သူမှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာနဲ့ သွေးလိုအပ်တာတွေလည်းရှိတဲ့အတွက် ညတွင်းချင်း သွေးအလှူရှင် ကူညီရှာဖွေပေးတာတွေလည်း ဆောင်ရွက်ပေးခဲ့ရတယ်လို့သိရပါတယ်။ မြေးဖြစ်သူက ဘာကြောင့်အခုလို ကျူးလွန်ရတယ်ဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကို တာဝန်ရှိသူတွေကပြောကြားခြင်းမပြုသလို ၊ မူးယစ်ဆေးဝါးကြောင့် အခု ကျူးလွန်တာမဟုတ်ကြောင်းလည်း ငြင်းဆိုပါတယ်။
ခုတ်ထစ်သူ မြေးယောက်ျားလေးက အသက် ၁၂ အရွယ်သာ ရှိသေးကြောင်း သိရှိရပြီး ဖြစ်စဉ်အသေးစိတ်ကို မိုးကောင်းမြို့မရဲစခန်းမှူး ဒုရဲမှူးထံ MT News က ဆက်သွယ်မေးမြန်းရာ” ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ အသက်မပြည့်သူ ကလေးသူငယ်အရေးမို့ သတိထားကိုင်တွယ်ဆောင်ရွက်နေဆဲဖြစ်တာကြောင့် ပြန်လည်ဆက်သွယ်ပေးပါရန် ” သာ ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာတော့ မြေးဖြစ်သူက ခုတ်ထစ်လို့ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တဲ့ အဘွားဖြစ်သူကို မိုးကောင်းပြည်သူ့ဆေးရုံကြီးက မြစ်ကြီးနား ပြည်သူ့ဆေးရုံဆီ ဒီနေ့ မနက် ၈ နာရီခန့်မှာ လွှဲပြောင်းကုသမှုခံယူစေဖို့ ပို့ဆောင်စေခဲ့တယ်လို့ သိရပါတယ်။
