


၁.၇.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ သထုံမြို့၊ ပေါ်တော်မူကျေးရွာ၊ ဓာတ်တော်တိုက်လမ်းဘေးတွင် ဗာဒံပင်တက်ခုတ်သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရုပ်အလောင်းသယ်ယူပေးခဲ့သည့် အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ရောက်သွားတော့ သစ်ပင်ခုတ်တဲ့လူက သစ်ပင်ပေါ်မှာ တန်းလန်းကြီး။ အပင်ပေါ်မှာပဲ ဆုံးသွားတယ်။ ရဲတပ်ဖွဲ့ရောက်လာတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးပြီးတော့ ဆေးရုံပို့ပြီး ကူညီပေးလိုက်ပါတယ်”ဟု အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဖြစ်စဥ်တွင် လိပ်အင်းရပ်ကွက်၌ နေထိုင်သော အသက် ၃၀ ကျော်အရွယ်ရှိသူ အမျိုးသားတစ်ဦးက ဗာဒံပင်ကို တက်ခုတ်ရာမှ ဓာတ်ကြိုးဖြင့် ထိမိကာ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ငါးဦးနှင့် သထုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး သထုံပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
