နေမိုး
၁.၇. ၂၀၂၆
NUG ဩဇာခံ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ) တာဝန်ခံ အာကူးအပါအဝင် ပလဖငါးဦးနဲ့ ပြည်သူနှစ်ဦးကို NUG ရဲ့ PDF တွေကပဲ ပစ်သတ်လိုက်မှုမှာ ပါဝင်ကျူးလွန်မှုမရှိကြောင်း မုံရွာ PDF အဖွဲ့အချို့က ငြင်းချက်ထုတ်ပြန်လာပါတယ်။
အာကူးအပါအဝင် ပလဖ ငါးဦးနဲ့ ပြည်သူနှစ်ဦးကို ပစ်သတ်တဲ့ PDF အဖွဲ့တွေက မုံရွာခရိုင်တပ်ရင်း ၅ ရင်းဖြစ်တဲ့ တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊ ၂၅၊၂၈ တပ်ရင်းတွေ ပေါင်းပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့စခန်းနဲ့ တိုက်နယ် (၄) ပလဖစခန်းအပါအဝင် နေရာ ၃ နေရာမှာ ဇွန်လ ၂၉ ရက်က စီးနင်း ပစ်သတ်လိုက်တာလို့ ပြည်ပပြေး မီဒီယာ MPA အပါအဝင် မီဒီယာတချို့က ဝန်ခံဖော်ပြရာမှာ မုံရွာခရိုင် တပ်ရင်း (၂၄) က သူတို့အဖွဲ့ ပါဝင်ကျူးလွန်မှုမရှိကြောင်း ငြင်းဆိုခဲ့သလို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း “၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ စခန်းငယ်နေရာ ၂ ခု အား လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး မြို့နယ်ပလဖ တာဝန်ခံ အပါအဝင် ရဲဘော် ၅ ဦး၊ ပြည်သူ ၁ ဦး ကျဆုံးခဲ့သည့် ဖြစ်စဉ်၊ မြို့နယ်ပလဖ ရဲဘော်များ ထိုင်နေသည့် စားသောက်ဆိုင်အား လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးကျဆုံးခဲ့ရသည့် ဖြစ်စဉ်များတွင် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာမရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ အချို့သော သတင်းမီဒီယာစာမျက်နှာများနှင့် တော်လှန်ရေး Celebrity ပုဂ္ဂိုလ်များ၏ Acc များတွင် အဆိုပါပစ်ခတ်မှုအား ကျူးလွန်လုပ်ဆောင်မှုတွင် မြို့နယ်ပကဖ မှ ပါဝင်သယောင် ဖော်ပြမှုများ တွေ့ရှိပါသဖြင့် ယခုထုတ်ပြန်ချက်အား ညှိုးငယ်စွာ ထုတ်ပြန်ရခြင်းဖြစ်ပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း မီဒီယာမေးမြန်းချက်များအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် ပြန်လည်ဖြေဆိုမည်မဟုတ်ပါကြောင်း ထပ်မံ ထုတ်ပြန်အပ်ပါသည်။” လို့ ငြင်းဆိုခဲ့ပါတယ်။


မုံရွာပလဖအာကူးအဖွဲ့ဟာ မုံရွာမှာ ခိုးဆိုးလုနှိုက်၊ မုဒိမ်းကျင့်တရားခံတွေ၊ နဝရတ်ရွှေဆိုင်အပါအဝင် ရွှေဆိုင်ဓားပြတိုက်မှုတရားခံတွေကို ဖမ်းဆီးပြီးရင် ရွှေတွေအပ်တာ၊ ကျူးလွန်သူအရေးယူတာတွေ ဆက်လက်မဖော်ပြတော့ဘဲ လက်စဖျောက်သလို မုံရွာမြို့ပတ်ဝန်းကျင်မှာလည်း ခိုးဆိုးလုနှိုက် ပြန်ပေးဆွဲမှုတွေနဲ့ နာမည်ပျက်နေတဲ့အဖွဲ့ဖြစ်ပေမဲ့ မုံရွာ PDF ငါးဖွဲ့ပေါင်းတိုက်ခိုက်တဲ့အထိ ဘာပြစ်မှုတွေ ထပ်မံကျူးလွန်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ကလည်း ယင်းမာပင်မှာ ခိုးဆိုးလုနှိုက်၊ သတ်ဖြတ် ပြန်ပေးဆွဲ မုဒိမ်းမှုတွေနဲ့ နာမည်ပျက်နေတဲ့ ယင်းမာပင်ခရိုင်တာဝန်ခံဖြစ်တဲ့ ဓားမဆိုင်းတပ်မတော်တပ်ရင်းမှူး စွမ်းသူမောင်က ယင်းမာပင်ခရိုင် တပ်ရင်း (၆) က တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာကို သတ်ဖြတ်မှုဖြစ်ခဲ့ပါသေးတယ်။ ဒီသတ်ဖြတ်မှုမှာတော့ စွမ်းသူမောင် PA ငဖြိုးက ပုလဲမောင် (ခ) ပီတာကို အစည်းအဝေးလုပ်နေချိန် လူပုံအလယ်မှာ ပစ္စတိုနဲ့ ခေါင်းကိုတည်ပြီး ပစ်သတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ စွမ်းသူမောင်နဲ့ ငဖြိုးကို ဖမ်းထားတယ်ဆိုပေမဲ့ မှန် မမှန်တော့ မသိရသေးပါဘူး။
ဒီသတ်ဖြတ်မှုဖြစ်စဥ်အပေါ် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာပလဖ) ကို ဆက်သွယ်မေးမြန်းပေမဲ့ တုံ့ပြန်ဖြေဆိုမှုမရှိသေးသလို ပြည်ပပြေးပြီး ဇိမ်ခံနေတဲ့ NUG အဖွဲ့ကလည်း တစ်စုံတစ်ရာထုတ်ပြန်လာမှု မရှိသေးပါဘူး။
