သတိုး
၄.၇.၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
Patuxai (Victory Gate) သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ (Vientiane) ၏ ဗဟိုချက်တွင် တည်ရှိသော အထင်ကရ စစ်ပွဲအထိမ်းအမှတ် အဆောက်အအုံတစ်ခု ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ “Arc de Triomphe” အောင်ပွဲခံဂိတ်နှင့် ပုံသဏ္ဌာန်တူသောကြောင့် “ဗီယင်ကျန်း၏ အောင်ပွဲခံဂိတ်” ဟုလည်း လူသိများသည်။



Patuxai ကို ၁၉၅၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နှင့် ပြင်သစ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သော လာအိုစစ်သည်တော်များကို ဂုဏ်ပြုရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဝေးမှကြည့်လျှင် ဥရောပစတိုင် ဖြစ်သော်လည်း အနီးကပ်ကြည့်ပါက လာအိုရိုးရာ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာများ၊ ကိန္နရီ ရုပ်တုများနှင့် နတ်သမီး ပန်းပုလက်ရာများဖြင့် မွမ်းမံခြယ်သထားသည်။
“Patuxai” ဟူသော စကားလုံးသည် သင်္သကရိုက်ဘာသာ “Patu” (တံခါး/ဂိတ်) နှင့် လာအိုဘာသာ “Xai” (အောင်ပွဲ) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး “အောင်ပွဲခံဂိတ်” ဟု အဓိပ္ပာယ်ရသည်။
