သက်တံ့
၄. ၇. ၂၀၂၆
ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ် ပြည်တွင်း၌ကိုယ်တိုင်ထုတ်လုပ်သည့် လျှပ်စစ်ရထားကို ဇူလိုင်လ ၃ ရက်တွင် ဘန်ကောက်မီးရထားဘူတာကြီး၌ ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ရှေ့ပြေးပုံစံ (Prototype) ရထားကို King Mongkut’s Institute of Technology Ladkrabang (KMITL) က ဦးဆောင်ပြီး ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ ၃၀ ကျော်နှင့် ပူးပေါင်းကာ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုင်းအင်ဂျင်နီယာများနှင့် သုတေသီများ ပူးပေါင်းကာ ထိုင်းနိုင်ငံမှာပင် ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားသည့် အဆင့်မြင့် (Luxury-class) လျှပ်စစ်ရထားစနစ် ဖြစ်သည်။
အဆိုပါ ရှေ့ပြေးပုံစံ ခရီးသည်တင်ရထားတွင် ထိုင်ခုံ ၂၅ ခုံ ပါဝင်ပြီး ပုံမှန်ရထားတွဲများထက် ၂၂ ရာခိုင်နှုန်း ပိုမိုပေါ့ပါးအောင် တည်ဆောက်ထားသည်။ ထို့အပြင် ရထားအစိတ်အပိုင်းများ၏ ၄၄ ဒသမ ၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံတွင်း ထုတ်လုပ်သည့် ပစ္စည်းများကိုသာ အသုံးပြုထားသည်။
ယခု လျှပ်စစ်ရထားသည် တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၁၂၀ အထိ မောင်းနှင်နိုင်ပြီး ကီလိုမီတာ ၁၀,၀၀၀ ကျော် အောင်မြင်စွာ မောင်းနှင်စမ်းသပ်မှု ပြုလုပ်ပြီး ဖြစ်သည်။
အဆိုပါလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ယော့ချာနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) တက်ရောက်ခဲ့သည်။ ဝန်ကြီးက သုတေသနလုပ်ငန်းများကို စီးပွားရေးဆိုင်ရာ ရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်မည့် အစိုးရ၏ မူဝါဒနှင့်အညီ ယခု ထိုင်းနိုင်ငံထုတ် ရထားသည် သုတေသနအဆင့်မှသည် လက်တွေ့အသုံးချနိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယော့ချာနန်၏ ပြောကြားချက်အရ ယခုအစီအစဉ်သည် ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ပြည်တွင်း၌ ထုတ်လုပ်မှုစရိတ်သည် ပြည်ပမှ တင်သွင်းရသည့် ရထားများထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာသဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ထောက်ပြခဲ့သည်။
ဆက်လက်ပြီး ၎င်းက ထိုင်းနိုင်ငံ၏ ရထားလမ်း အခြေခံအဆောက်အအုံကဏ္ဍတွင် လာမည့် အနှစ် ၂၀ အတွင်း ရင်းနှီးမြှုပ်နှံရန် လျာထားမှုများအရ ခရီးသည်တင်ရထားတွဲ ပေါင်း ၂,၀၀၀ ကျော်အထိ လိုအပ်ချက် ရှိလာလိမ့်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ပြည်တွင်း၌ “မီးရထားစီးပွားရေး” (Rail Economy) ဟု တင်စားသည့် ရထားလမ်းစက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် ပြည်ပမှ တင်သွင်းရမှုကို လျှော့ချနိုင်မည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်မှုကဏ္ဍချဲ့ထွင်မှုများနှင့် အဆင့်မြင့်နည်းပညာ လွှဲပြောင်းရယူမှုများကိုပါ အထောက်အကူပြုစေမည် ဖြစ်သည်။
ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) ဥက္ကဋ္ဌဖြစ်သူ အာနန် ဖိုအမ်ဒန်း (Anan Phoimdaeng) ကလည်း ယခုရထားကို လွှဲပြောင်းရယူရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် နိုင်ငံတော်၏ အသုံးစရိတ်များကို လျှော့ချပေးနိုင်မည့် အလားအလာရှိကြောင်း ပြောသည်။ ထို့အပြင် အဆိုပါရထားကို ကီလိုမီတာ ၂၀၀ မှ ၅၀၀ အကွာအဝေးရှိသော ခရီးသွားလုပ်ငန်း လမ်းကြောင်းများတွင် မပြေးဆွဲမီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထပ်မံစမ်းသပ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် မီဒီယာကိုယ်စားလှယ်များသည် အဆိုပါ လျှပ်စစ်ရထားအသစ်ဖြင့် ဘန်ကောက်မီးရထားဘူတာကြီးမှ ဖရချွန်ကလောက် (Phra Chom Klao) ရထားမှတ်တိုင်အထိ အထူးအစီအစဉ်အဖြစ် လိုက်ပါစီးနင်းခဲ့ကြသည်။
Ref : Thaiger
