သက်တံ့
၄. ၇. ၂၀၂၆
ပါကစ္စတန်ခွဲထွက်ရေးအဖွဲ့အစည်းဖြစ်သည့် ဘာလိုချ်လွတ်မြောက်ရေးတပ်မတော် (BLA) သည် ဘာလိုချီစတန်ပြည်နယ်၊ ဂွါဒါမြို့ (Gwadar) ဂျီဝါနီ (Jiwani) ရှိ ပန်ဝမ် (Panwan) ဒေသတွင် တည်ရှိသည့် ပါကစ္စတန် ကမ်းခြေစောင့်တပ်စခန်းတစ်ခုကို ပြင်းထန်သော “ဖီဒါယီ” (အသေခံကွန်မန်ဒို) တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့၏ ပြောကြားချက်အရ တိုက်ခိုက်မှုအတွင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း The Balochistan Post သတင်းတွင် ဖော်ပြထားသည်။
သတင်းဖော်ပြချက်များအရ အဆိုပါတိုက်ခိုက်မှုသည် သောကြာနေ့ (ဇူလိုင် ၃ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BLA အဖွဲ့၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ‘မဂျိဒ်ဗျူဟာ’ (Majeed Brigade) အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အက်တာအူလာဘာလိုချ် (ခေါ်) အက်ဂျမားလ်ဟု အမည်ရသည့် အသေခံဗုံးခွဲသမားတစ်ဦးသည် ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်လာသော မာဇဒါ (Mazda) ကုန်တင်ကားတစ်စီးကို လုံခြုံရေးအထူးတင်းကျပ်ထားသည့် ကမ်းခြေစောင့်တပ်စခန်းအတွင်းသို့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၂ မိနစ်ခန့်တွင် မောင်းနှင်ဖောက်ခွဲခဲ့သဖြင့် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း ၎င်းအဖွဲ့က ဆိုသည်။
BLA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဂျီယန်းဘာလိုချ် (Jeeyand Baloch) က တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် “ဒီပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ခံတပ်သဖွယ် ဆောက်လုပ်ထားတဲ့ ပါကစ္စတန်နယ်ချဲ့အစိုးရရဲ့ ကမ်းခြေစောင့်တပ်စခန်းဟာ အပျက်အစီးပုံကြီးအဖြစ် လုံးဝပြောင်းလဲသွားခဲ့တယ်”ဟု ပြောကြားခဲ့သည်။
BLA အဖွဲ့၏ မီဒီယာကွန်ရက်တစ်ခုဖြစ်သော ဟက်ကယ်လ် (Hakkal) ကလည်း ၄၃ စက္ကန့်ကြာ ဗီဒီယိုဖိုင်တစ်ခုကို ထုတ်လွှင့်ခဲ့သည်။ ၎င်းဗီဒီယိုမှာ ပေါက်ကွဲမှုမဖြစ်ပွားမီ တပ်စခန်းအတွင်းသို့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ကား ဝင်ရောက်သွားသည့် မြင်ကွင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် နောက်ပိုင်းရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများအရ စစ်တပ်စခန်း၏ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားသည်ကို တွေ့ရကြောင်းလည်း ၎င်းအဖွဲ့က ပြောသည်။
အဆိုပါ ကုန်တင်ကားဗုံးခွဲမှုအပြီးတွင် ၎င်းတို့၏ ဖာတေးစစ်ကြောင်း (Fateh Squad) က စနစ်တကျ ညှိနှိုင်းကာ မြေပြင်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း BLA က ပြောဆိုသည်။
“တိုက်ခိုက်မှုဖြစ်ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့အဖွဲ့ရဲ့ ရှေ့တန်းတပ်ဖွဲ့ဖြစ်တဲ့ ဖာတေးစစ်ကြောင်းဟာ လျင်မြန်စနစ်တကျ ရှေ့တိုးလာပြီး ပျက်စီးသွားတဲ့ တပ်စခန်းကို အရပ်မျက်နှာအနှံ့ကနေ ဝိုင်းရံတိုက်ခိုက်ခဲ့ပါတယ်” ဟု BLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် တပ်စခန်းအတွင်း ကျန်ရှိနေသော ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များနှင့် အနီးကပ်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုစစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း အဖွဲ့က ဆိုသည်။
“ဒဏ်ရာရသူတွေရဲ့ အခြေအနေ စိုးရိမ်ရတာကြောင့်ရယ်၊ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေတာကြောင့်ရယ်ကြောင့် ရန်သူ့ဘက်က သေဆုံးသူအရေအတွက် ဒီထက်မက ပိုတိုးလာဖို့ ရှိပါတယ်” ဟု BLA ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားသည်။
BLA အဖွဲ့အနေဖြင့် မကြာမီကာလအတွင်း ၎င်းတို့၏ တရားဝင်ပြန်ကြားရေးလမ်းကြောင်းများမှတစ်ဆင့် တိုက်ခိုက်မှုအသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် “ဘာလိုချီစတန်ပြည်နယ် လုံးဝလွတ်လပ်ရေး” မရမချင်း ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များအပေါ် ဆင်နွှဲနေသည့် ၎င်းတို့၏ လက်နက်ကိုင်စစ်ဆင်ရေးကို “ဒီအတိုင်း ပြင်းပြင်းထန်ထန်” ဆက်လက်လုပ်ဆောင်သွားမည်ဟု အဆိုပါ တရားမဝင်လက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
သို့သော်လည်း BLA အဖွဲ့က တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားသည့် သေဆုံးဒဏ်ရာရမှု စာရင်းများနှင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာများနှင့် ပတ်သက်၍ ပါကစ္စတန်စစ်တပ်နှင့် အစိုးရဘက်ကမူ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
Ref : TOI
