၄.၇.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်ရေးကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ရဲ့ အဓိက အမေရိကန်ပြည်နယ်ပွဲတော်ကြီးဖြစ်တဲ့ Great American State Fair အပါအဝင် ဇူလိုင် ၄ ရက် အထိမ်းအမှတ်ပွဲတွေကို နိုင်ငံတစ်ဝန်း တရားဝင်ကျင်းပနေပါတယ်။
ဒီအချိန်မှာပဲ အမေရိကန်နိုင်ငံတစ်ဝန်း အန္တရာယ်ရှိတဲ့ အပူလှိုင်းတစ်ခု တိုက်ခတ်နေတာကြောင့် ဇူလိုင် ၄ ရက် အထိမ်းအမှတ်ပွဲအချို့ကို နှောင့်ယှက် ပျက်ပြားစေခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ဝါရှင်တန်ဒီစီမှာ အမေရိကန်ရဲ့ နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပနေခိုက် National Mall ဥယျာဉ်တစ်လျှောက် လမ်းလျှောက်နေကြတဲ့ ဧည့်သည်တွေဟာ အပူဒဏ်ကိုအန်တုပြီး အအေးဓာတ်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြရပါတယ်။
အမေရိကန်လူဦးရေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လူဦးရေ ၁၈၅ သန်းကျော်ဟာ အခုအခါ အပူလှိုင်းတိုက်ခတ်မှု သတိပေးချက်တွေအောက်မှာ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာ အပူချိန်တွေ ပြင်းထန်စွာ မြင့်တက်နေလို့ အန္တရာယ်ရှိတဲ့ အပူလှိုင်းက ဇူလိုင် ၄ ရက် အထိမ်းအမှတ်ပွဲတွေကို နှောင့်ယှက်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားရာသီဥတုဌာနက “တစ်နိုင်ငံလုံးမှာ စံချိန်တင် မြင့်တက်တဲ့ နေ့စဉ်အပူချိန်မှတ်တမ်းတွေကို ဒီနေ့နဲ့ လွတ်လပ်ရေးနေ့မှာ မျှော်လင့်ရပြီး ဆက်တိုက်ရက်တွေနဲ့ လအလိုက်လည်း အပူချိန်စံချိန်သစ်တွေ တင်နိုင်သေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ တချို့နေရာတွေမှာ အမြင့်ဆုံးအပူချိန်ဟာ ၁၁၅ ဒီဂရီဖာရင်ဟိုက် (၄၆ ဒီဂရီစင်တီဂရိတ်) အထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂရိတ်ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိမှု နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်ကို ဇူလိုင်လ ၄ ရက်၊ စနေနေ့မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ကာလမှာပဲ ယခုလို အပူချိန်အဆမတန် မြင့်တက်မှု ဖြစ်ပေါ်လာတာပါ။
အပူချိန်မြင့်မားမှုကြောင့် စီတန်းလှည့်လည်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ မီးရှူးမီးပန်းပြပွဲအချို့ကို ဖျက်သိမ်းတာ ဒါမှမဟုတ် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဓိကပွဲဖြစ်တဲ့ ဝါရှင်တန်ဒီစီရှိ National Mall အမျိုးသားဥယျာဉ်မှာ ကျင်းပနေတဲ့ Great American State Fair ပြပွဲကို ဇူလိုင်လ ၃ ရက် မွန်းလွဲပိုင်းမှာ အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်အထိ ရောက်ရှိလာတာကြောင့် ယာယီပိတ်ထားခဲ့ရပါတယ်။
ဖီလာဒဲလ်ဖီးယားမှာလည်း ဇူလိုင်လ ၂ ရက်က အပူချိန် ၁၁၃ ဒီဂရီဖာရင်ဟိုက်အထိ ရောက်ရှိလာလို့ လွတ်လပ်ရေးအတွက် ဂုဏ်ပြုပွဲ စီတန်းလှည့်လည်ပွဲကို ဖျက်သိမ်းခဲ့ရပြီး ဒါဟာ ၁၉၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်တင်ခဲ့တာပါ။ အနည်းဆုံး ပြည်နယ်ခုနစ်ခုမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲအချို့ ဖျက်သိမ်းခဲ့ရတယ်လို့ သတင်းများအရ သိရပါတယ်။
အာဏာပိုင်တွေက အပူလှိုင်းဟာ အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးထားပြီး ဇူလိုင်လ ၄ ရက်နေ့ အထိမ်းအမှတ်ပွဲတွေကို အိမ်အပြင်ဘက်မှာ ဆင်နွှဲမယ့်သူတွေအနေနဲ့ အရိပ်ရတဲ့နေရာတွေမှာ နေထိုင်ကြဖို့၊ ရေများများသောက်ဖို့နဲ့ အပူဒဏ်ကြောင့်ဖြစ်ရတဲ့ ရောဂါလက္ခဏာတွေကို အထူးသတိထားကြဖို့ တိုက်တွန်းထားပါတယ်။
Ref – DW News

