သက်တံ့
၄. ၇. ၂၀၂၆
ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော အလုပ်အကိုင်များတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည်ဟု စွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအပါအဝင် နိုင်ငံခြားသား ၁၆ ဦးကို ချွန်ဘူရီပြည်နယ်အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
အဆိုပါ တရားမဝင်လုပ်သား နှိမ်နင်းရေးစစ်ဆင်ရေးကို ချွန်ဘူရီပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးက ဇူလိုင် ၂ ရက်တွင် ဦးဆောင်ခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန အရာရှိများနှင့် ပြည်တွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုစစ်ဆင်ရေးဌာနချုပ် (ISOC) တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။


ပထမဦးစွာ အရာရှိများသည် သီရာချာခရိုင် (Si Racha) ရှိ ဆွိုင်ဘိုယန်း (Soi Bo Yang) သို့ သွားရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားများက ဆံပင်ညှပ်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မြန်မာအလုပ်သမားများအကြား ရေပန်းစားသော ကွမ်းယာဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် မြန်မာနိုင်ငံသား ၅ ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးခဲ့သည်။
ကုန်စုံဆိုင်တစ်ခုကို စစ်ဆေးနေစဉ်အတွင်း အရာရှိများက မြန်မာအမျိုးသမီးတစ်ဦးအား အလုပ်သမားစာရွက်စာတမ်းများ ပြသရန် တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် ဆိုင်အပြင်ဘက်၌ အရက်သောက်နေသည့် ၎င်း၏ချစ်သူ (မြန်မာအမျိုးသား) က မကျေမနပ်ဖြစ်ကာ အရာရှိတစ်ဦး၏ လက်မောင်းနှင့် အင်္ကျီကို လှမ်းဆွဲခဲ့သည်။ ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်က ကြားဝင်ဖျန်ဖြေပေးခဲ့ပြီးနောက် အဆိုပါအမျိုးသားက (လက်အုပ်ချီကာ) ပြန်လည်တောင်းပန်ခဲ့သည်။ အာဏာပိုင်များ လာရောက်စစ်ဆေးနေသည့် သတင်းပျံ့နှံ့သွားပြီးနောက် ထိုဒေသရှိ အခြားသော စီးပွားရေးလုပ်ငန်းအချို့လည်း ဆိုင်များ ပိတ်ပစ်ခဲ့ကြသည်။
ထို့အပြင် အရာရှိများသည် ချွန်ဘူရီ နိုင်ငံခြားသားအလုပ်သမား ပါမစ်ဝန်ဆောင်မှုစင်တာတွင်လည်း ရွှေ့ပြောင်းအလုပ်သမားများ၏ ပါမစ်လျှောက်ထားမှုများကို ကူညီပေးရင်း စာရေးအလုပ် (Clerical work) လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ထိုင်းနိုင်ငံတွင် စာရေးစာချီလုပ်ငန်းသည် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဘဲ ကန့်သတ်ထားသော အလုပ်အကိုင် ဖြစ်သည်။
လမ်ချာဘန်း (Laem Chabang) ဒေသတွင် သီးခြားလုပ်ဆောင်ခဲ့သော စစ်ဆင်ရေးတစ်ခု၌လည်း လာအိုနိုင်ငံသား ၄ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး အပါအဝင် နောက်ထပ် နိုင်ငံခြားသား ၇ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် လုပ်ငန်းခွင်ဝင်ရောက်ခွင့် ပါမစ်မရှိဘဲ ဆိုင်အကူများ၊ ဈေးဆိုင်ခန်း အလုပ်သမားများနှင့် ရေခဲမုန့်ရောင်းချသူများအဖြစ် လုပ်ကိုင်နေကြသည်ဟု စွပ်စွဲခံထားရသည်။

စစ်ဆင်ရေးအပြီးတွင် အာဏာပိုင်များသည် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ အလုပ်ရှင်များကိုလည်း ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆင့်ခေါ်ရန် စီစဉ်နေသည်။
ချွန်ဘူရီ အလုပ်အကိုင်ခန့်ထားရေးရုံး၏ ပြောကြားချက်အရ အလုပ်အကိုင်ခန့်ထားမှုများ ဥပဒေနှင့်အညီဖြစ်စေရန်နှင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်လုံးအတွက် တရားမျှတမှုရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စစ်ဆေးမှုများနှင့် အလုပ်သမားဥပဒေအရ အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာလွန်ထူးခရွန် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း ချွန်ဘူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် အရေးပါသောနေရာ ၂ ခုကို စီးနင်းရှာဖွေခဲ့ရာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်နေသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀ နီးပါးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဖူးသည်။
Ref : Thaiger
