နေမိုး
၄. ၇. ၂၀၂၆
”ဝ” လက်နက်ကိုင်တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသအနီး ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းစစ်တပ်နှင့် မူးယစ်ဂိုဏ်းတို့ တိုက်ပွဲဖြစ်ပွားရာမှ မူးယစ်မှောင်ခိုဂိုဏ်းဝင် ၄ ဦး သေဆုံးပြီး စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းစိမ်းများပါဝင်သည့် ကျောပိုးအိတ် ၁၁ အိတ် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ယနေ့ ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာ ထိုင်းနယ်စပ် မယ်အိုင်းမြို့နယ်၏ တစ်ဖက်ခြမ်း (မြန်မာနိုင်ငံဘက်) သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တောင်ပိုင်းစစ်ဒေသတပ်ဖွဲ့များ ကြီးစိုးလှုပ်ရှားရာ နယ်မြေများနှင့် တိုက်ရိုက်ထိစပ်နေပြီး အဆိုပါ နယ်စပ်ဖြတ်ကျော် တောလမ်းများသည် မူးယစ်မှောင်ခိုဂိုဏ်းများ ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ခိုးသွင်းရာတွင် အဓိကအသုံးပြုလေ့ရှိသည့် လမ်းကြောင်းများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်အိုင်း (Mae Ai) နယ်စပ်တွင် နောက်ဆုံးပေါ် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်အဖွဲ့ကို ထိုင်းစစ်တပ်က ပစ်ခတ်တားဆီးကာ ဝိုင်းဝန်းရှင်းလင်းခဲ့သည့် မိနစ်ပိုင်းအတွင်း အခြေအနေကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါးမှောင်ခိုမှုများကို အဓိက တိုက်ဖျက်သည့် ထိုင်းနိုင်ငံ၏ ဖမောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Task Force) သည် ခိုင်လုံသော သတင်းအချက်အလက် ရရှိခဲ့ပြီးနောက် လက်အောက်ခံ ချိုင်ယာနုဖတ် စစ်ကြောင်း (Chaiyanuparp Task Force) က တစ်လနီးပါးကြာအောင် အင်အားချစောင့်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဂိုဏ်းဝင်များက နေ့ခင်းကြောင်တောင် အဖွဲ့လိုက် ကျောပိုးအိတ်များသယ်ဆောင်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာစဉ် စစ်ဆေးရန် အချက်ပြခဲ့သော်လည်း ၎င်းတို့ဘက်က ချက်ချင်းစတင်ပစ်ခတ်ခဲ့သဖြင့် တောင်ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

သတင်းထောက်များ၏ ဇူလိုင် ၃ ရက် သတင်းပေးပို့ချက်အရ ဖမောင်းတပ်ဖွဲ့၏ အထူးသတင်းထောက်လှမ်းရေးအဖွဲ့သည် ဇွန်လ ၂၀ ရက်နေ့ကတည်းက အဆိုပါမူးယစ်ဂိုဏ်း၏ လှုပ်ရှားမှုကို သတင်းရရှိခဲ့ခြင်း ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံမှ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများသည် ချင်းမိုင်ခရိုင်၊ မယ်အိုင်းမြို့နယ်၊ မယ်ဆာဝ် (Mae Sao) တန်ဘွန်ရှိ ဒွိုင်ဖာဟုမ်ပုတ် (Doi Pha Hom Pok) သဘာဝအတိုင်းဖြစ်ပေါ်နေသော တောလမ်းကြောင်းကို အသုံးပြု၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ကင်းလှည့်အဖွဲ့များကို စဉ်ဆက်မပြတ် ချထားခဲ့သည်။
မြေပြင်ပူးပေါင်းကင်းလှည့်အဖွဲ့တွင် အမှတ် (၃၂၀၇) ခြေလျင်တိုက်ခိုက်ရေးတပ်ခွဲ၊ အမှတ် (၃) စစ်ဒေသအခြေစိုက် စစ်ဆင်ရေးစင်တာ၏ အုပ်ချုပ်မှုအောက်ရှိ တပ်ဖွဲ့ဝင်များနှင့် ချိုင်ယာနုဖတ်စစ်ကြောင်းမှ အမှတ် (၄) မြင်းစီးတပ်ခွဲတို့ ပူးပေါင်းကာ မယ်ဆာဝ်တန်ဘွန်၊ နာမာအွန်ရွာအနီးရှိ မှောင်ခိုတောလမ်းတစ်လျှောက် ကင်းလှည့်စောင့်ကြည့်ခဲ့ကြသည်။
ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါလမ်းကြောင်းအတိုင်း ကျောပိုးအိတ်များလွယ်ကာ လမ်းလျှောက်လာသည့် သံသယဖြစ်ဖွယ် အမျိုးသား ၁၀ ဦးမှ ၁၅ ဦးခန့်ကို တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် စစ်ဆေးရန် အချက်ပြခဲ့သည်။ သို့သော် အဆိုပါ မှောင်ခိုအဖွဲ့သည် အမျိုးအစားမသိရသေးသည့် လက်နက်ငယ်များဖြင့် ထိုင်းစစ်တပ်ကို စတင်ပစ်ခတ်ခဲ့သဖြင့် ၅ မိနစ်ခန့် ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
သေနတ်သံများ ငြိမ်သက်သွားပြီးနောက် ထိုင်းစစ်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဝိုင်းဝန်းထိန်းချုပ်ပြီး စစ်ဆေးခဲ့ရာ မှောင်ခိုအဖွဲ့မှ သေဆုံးသူ ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိခဲ့ရသည်။ ကျန်ရှိသောအဖွဲ့ဝင်များသည် ထိုဒေသ၏ မြေမျက်နှာသွင်ပြင်ကို ကျွမ်းကျင်မှုအပေါ် အသုံးချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ထိုင်းစစ်တပ်ဘက်ကမူ တပ်ဖွဲ့ဝင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ဆေးရာတွင် သက်သေခံပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့မှာ ကျောပိုးအိတ် ၁၁ အိတ်နှင့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (ယာဘ) စုစုပေါင်း ၇၆၀,၀၀၀ ပြားခန့်၊ ဘိန်းဖြူ ၁၁ တုံး (တစ်တုံးလျှင် ၃၅၀ ဂရမ်နှုန်းဖြင့် စုစုပေါင်း အလေးချိန် ၃ ဒသမ ၈၅ ကီလိုဂရမ်ခန့်) နှင့် ဘိန်းစိမ်း ၁၆ ထုပ် (တစ်ထုပ်လျှင် ၁ ဒသမ ၆ ကီလိုဂရမ်နှုန်းဖြင့် စုစုပေါင်း အလေးချိန် ၂၅ ဒသမ ၆ ကီလိုဂရမ်ခန့်) တို့ ဖြစ်သည်။
ထိုင်းအာဏာပိုင်များအနေဖြင့် ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်ရှိသော အဖွဲ့ဝင်များကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများနှင့် ကွင်းဆက်ဖော်ထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Sondhi Talk
