သတိုး
၄. ၇. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ ထက်လွမ်ဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။



နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ထက်လွမ်ဘုရား အနောက်ဖက်မုခ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

“ဖရထတ်လွမ်” (Pha That Luang) ရွှေစေတီတော်ကြီးသည် လာအိုနိုင်ငံ၏ အမျိုးသားပြယုဂ်နှင့် အထွတ်အမြတ်ထားရာ ဗုဒ္ဓဘာသာစေတီတော်ကြီးဖြစ်ပြီး မြို့တော် ဗီယင်ကျန်းတွင် တည်ရှိသည်။ လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသဖြင့် နိုင်ငံတော်တံဆိပ်၊ ငွေစက္ကူများနှင့် အစိုးရတံဆိပ်များပေါ်တွင် ထည့်သွင်းအသုံးပြုထားသည်။
စေတီတော်ကြီးသည် အမြင့် ၄၅ မီတာ (၁၄၇ ပေ) ရှိပြီး အောက်ခြေမှ အထက်သို့ ပိရမစ်ပုံသဏ္ဍာန် အဆင့်ဆင့် ကျဉ်းမြောင်းသွားကာ ဗုဒ္ဓဘာသာ၏ စကြာဝဠာသဘောတရားနှင့် နိဗ္ဗာန်သို့ တက်လှမ်းသည့် အဆင့် ၃ ဆင့်ကို ကိုယ်စားပြုသည်။ မဟာစေတီတော်ကြီးသည် ထူးခြားဆန်းသစ်သည့် လာအိုရိုးရာ ဗိသုကာလက်ရာများ၊ ရွှေရောင်တောက်ပသည့် အလွှာများဖြင့် သပ္ပာယ်လှပြီး သမိုင်းအဆိုအရ အဆိုပါစေတီတော်ကြီးကို ခရစ်တော်မပေါ်မီ (ဘီစီ ၃ ရာစု) က မြတ်စွာဘုရားရှင်၏ ညှပ်ရိုးတော်ဖြင့် ဌာပနာ၍ စတင်တည်ခဲ့ကြောင်း ယုံကြည်ကြသည်။

၁၅၆၆ ခုနှစ် လန်ဆန်းခေတ် ဆေထာသီရတ်မင်းကြီးလက်ထက်တွင် ယခုမြင်တွေ့ရသည့် မဟာစေတီကြီးအဖြစ် တိုးချဲ့မွမ်းမံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။၁၈၂၈ ခုနှစ် ယိုးဒယားစစ်ပွဲအတွင်း စေတီတော်ကြီး ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ရွှေပြားများနှင့် ရတနာများ လုယက်ခံခဲ့ရသော်လည်း၊ ၁၉၃၀ ပြည့်နှစ်များတွင် လာအိုရိုးရာပုံစံအတိုင်း စနစ်တကျ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ခဲ့သည်။ ယခုအခါ ဖရထတ်လွမ်စေတီတော်ကြီးသည် လာအိုနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာ အဓိကနေရာတစ်ခုဖြစ်ပြီး၊ နှစ်စဉ် နိုဝင်ဘာလတွင် ကျင်းပသည့် “ထတ်လွမ်ပွဲတော်”သည် နိုင်ငံ၏ အစည်ကားဆုံး ဘာသာရေးပွဲတော်အဖြစ် ထင်ရှားကျော်ကြားသည်။



