သတိုး
၃. ၇. ၂၀၂၆
ဘယ်လာရုစ်နိုင်ငံတော်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Aleksandr Lukashenko) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယနေ့ကျရောက်သော အသက် ၇၀ ပြည့် မွေးနေ့အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ဘယ်လာရုစ်ခေါင်းဆောင်၏ ပြန်ကြားရေးဌာနက နိုင်ငံပိုင် ဘီလ်တာ (BelTA) သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဂုဏ်ပြုသဝဏ်လွှာတွင် “ယခုကဲ့သို့ အသက် ၇၀ ပြည့် ရွှေရတုကာလသည် သင်ကိုယ်တိုင်နှင့် သင့်မိသားစုအတွက်သာမက သင့်ကို နိုင်ငံတော်အကြီးအကဲဟူသည့် အမြင့်ဆုံးရာထူးနေရာကို ယုံကြည်အပ်နှင်းခဲ့ကြသည့် မြန်မာပြည်သူတစ်ရပ်လုံးအတွက်ပါ အရေးပါသည့် အချိန်အခါဖြစ်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်” ဟု ဖော်ပြထားသည်။

ထို့အပြင် ဘယ်လာရုစ်သမ္မတက“ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုတွေဟာ မင့်စ်ခ် (ဘယ်လာရုစ်မြို့တော်) နဲ့ နေပြည်တော်အကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သင့်ရဲ့ စစ်မှန်တဲ့ ဆန္ဒကို သက်သေပြနေပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံနှစ်ခုစလုံးရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ခိုင်မာစေဖို့အပြင် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်” ဟု အလေးအနက် ပြောကြားခဲ့သည်။
ယင်းအပြင် ယခင်က သဘောတူညီထားခဲ့သည့် ကိစ္စရပ်များကို အကောင်အထည် ဖော်ရာတွင်လည်းကောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းအသစ်များအတွက် အခြေအနေကောင်းများ ဖန်တီးပေးရာတွင်လည်းကောင်း မြန်မာသမ္မတထံမှ ဆက်လက်ပံ့ပိုးကူညီမှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဘယ်လာရုစ်ခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။
အထက်ပါ အချက်များအပြင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက ဦးမင်းအောင်လှိုင်အနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး အသက်ရှည်ပါစေကြောင်းနှင့် ချမှတ်ထားသည့် အစီအစဉ်များနှင့် လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ခေါင်းဆောင်နှစ်ဦးအကြား ငါးကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ဇူလိုင် ၂ ရက်ညပိုင်းက မြန်မာနိုင်ငံ၊ နေပြည်တော်၊ သမ္မတအိမ်တော်တွင် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
Ref : BelTA
