၃.၇.၂၀၂၆
Written by Linn Eain
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး(The Whole Myanmar) ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများကို ဆုချီးမြှင့်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာ တစ်နိုင်ငံလုံး (The Whole Myanmar) သက်ဆိုင်ရာဘာသာတွဲ (ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ)အလိုက် အမှတ်အများဆုံးရရှိသူ (၁၀)ဦးစီကို ယခင်နှစ်များနည်းတူ ပညာရေးဝန်ကြီးဌာနမှ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့ပြီး စာမေးပွဲဝင်ရောက်ဖြေသူ ၂၅၅၂၂၈ ဦးအနက် ၁၃၃၆၇၃ ဦး အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၂၀၇,၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာမူ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းသာရရှိခဲ့ရာ ယခုနှစ်တွင် အောင်ချက် ၄ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။
ထို့ပြင် သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံးပထမကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှ မသီရိစိုး (CAE ကိုယ်ပိုင်ကျောင်း)က အမှတ်ပေါင်း ၅၆၂ ဖြင့် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ဝိပ္ပံဘာသာတွဲတွင် လှိုင်သာယာမြို့နယ်မှ မနီနီကျော်(အခြေခံပညာအထက်တန်းကျောင်း)က ၅၃၀ ဖြင့် တစ်နိုင်ငံလုံးပထမရခဲ့သလို ဝိဇ္ဇာဘာသာတွဲတွင် မစုမြတ်အောင်က ၄၉၈ မှတ်ဖြင့် ပထမရခဲ့သည်။
