သက်တံ့
၃. ၇. ၂၀၂၆
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ယနေ့ သောကြာနေ့ နံနက်အစောပိုင်းက လူလိုက်ပါမှု အလွန်များပြားနေသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် အဝေးပြေးလမ်းပေါ်မှ ကျောက်ဆောင်များထူထပ်ရာ ချောက်ထဲသို့ ပြုတ်ကျခဲ့သဖြင့် လူ ၄၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘာလိုချီစတန်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရှာဟစ်ဒ် ရင်ဒ် (Shahid Rind) ၏ ပြောကြားချက်အရ အဆိုပါ ဘတ်စ်ကားသည် ဘာလိုချီစတန်နှင့် ခိုင်ဘာပက်တွန်ခွာပြည်နယ်နှစ်ခု၏ နယ်စပ်အနီးရှိ ဝေးလံခေါင်သီသော ဒါနာဆာဒေသတွင် ယာဉ်ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုများက ဖော်ပြသည်။
၎င်းဘတ်စ်ကားပေါ်တွင် ကနဦးလိုက်ပါလာသည့် ခရီးသည်များသာမက လမ်းတွင်ကားပျက်နေ၍ သောင်တင်နေသည့် အခြားဘတ်စ်ကားတစ်စီးမှ ခရီးသည်များကိုပါ တင်ဆောင်လာခဲ့ခြင်းကြောင့် ကားပေါ်တွင် သတ်မှတ်ဦးရေထက် ကျော်လွန်နေခဲ့ရခြင်းဖြစ်ကြောင်း ရင်ဒ်က ဆိုသည်။
ဘာလိုချီစတန် ပြည်နယ်ဝန်ကြီးချုပ် ဆာဖရက်ဇ် ဘွတ်ဂ်တီက ထုတ်ပြန်ချက်တစ်ခုတွင် ယခုကဲ့သို့ လူ့အသက်များ ဆုံးရှုံးခဲ့ရမှုအပေါ် ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူများအနေဖြင့် အကောင်းဆုံး ဆေးကုသမှု ခံယူခွင့်ရရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ပြောခဲ့သည်။
လက်ရှိတွင် ကယ်ဆယ်ရေးသမားများသည် သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်ရန်နှင့် ဒဏ်ရာရရှိသူများကို ဆေးကုသပေးနိုင်ရန် လုပ်ဆောင်နေကြကြောင်း ရင်ဒ်က ဆက်လက်ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ ဆိုးရွားခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းနှင့် အန္တရာယ်ရှိစွာ မောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် တောင်ပေါ်ဒေသများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
Ref : Economic Times
