




၃.၇.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ချောင်းမကြီးဆည်တွင် အရန်ရေတံခါးကို ရေငုပ်၍ ပြုပြင်သော အမျိုးသားတစ်ဦး ရေအနက်ပေ ၄၀ ခန့်၌ ရေနစ်သေဆုံးခဲ့ရာ ဇူလိုင်လ ၁ ရက် ညနေပိုင်းက ရုပ်အလောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်းထံမှ သိရသည်။
ဇွန်လ ၃၀ ရက်နေ့က ချောင်းမကြီးဆည်တွင် ပင်မဆည်တံခါးပြုပြင်ရန် အရန်ရေတံခါးကို ရေအောက်ပေ ၄၀ အနက်တွင် Air Compressorဖြင့် အမျိုးသားတစ်ဦး ရေငုပ်၍ လုပ်ငန်းဆောင်ရွက်နေစဥ် မိနစ် ၄၀ ကျော်ကြာ ရေပေါ်သို့ပြန်တက်မလာခြင်း၊ အချက်ပေးကြိုးဖြင့် ဆက်သွယ်၍ မရခြင်း၊ အသက်ရှုလေပိုက်ကို ဆွဲ၍မရခြင်းတို့ကြောင့် ဆည်မြောင်းမှတာဝန်ရှိသူတစ်ဦးက မျိုးဆက်သစ် မြတ်ပါရမီ အသင်းထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
သို့သော် ရေနစ်မြုပ်သူကို ဆီမီးခုံမြို့(ဆမိတ်ခုံမြို့)မှ ရောက်ရှိလာသော ၎င်း၏အစ်ကိုဖြစ်သူ ဦးဆောင်သည့် Air Compressor ရေငုပ်အဖွဲ့က ဆည်ရေတံခါးများ ပြုပြင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသဖြင့် ဆယ်ယူလိုကြောင်းပြောသဖြင့် လိုအပ်သည့် ပစ္စည်းတချို့ကို ငှားရမ်းပေးခဲ့ပြီး အသင်းအနေဖြင့် အရန်စောင့်ဆိုင်းပေးခဲ့ကြောင်း မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)မှ တာဝန်ရှိသူက ပြောသည်။
ထို့နောက် ရှာဖွေကြရာ ရေနစ်မြုပ်နေသည့် အမျိုးသားမှာ ရေတံခါးအောက်ခြေတွင် ခြေထောက်တစ်ချောင်း ညပ်ကာသေဆုံးနေပြီး ၄ နာရီကျော်ကြာရှာဖွေကာ ရုပ်အလောင်းကို ဆယ်ယူခဲ့ကြကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား၏ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ အသင်းဝင်များက ပျော်ဘွယ်မြို့နယ်၊ရန်အောင်တိုက်နယ်ဆေးရုံသိို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ရေမှာ အတိမ်၊ အနက် မရှိဘူး။ ဆရာမရှိဘူး။ အမြင်နဲ့ဆုံးဖြတ်လို့မရလို့ အထူးဂရုစိုက်ကြပါဗျာ” ဟု မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)မှ တာဝန်ရှိသူက ပြောသည်။
