နေမိုး
၃. ၇. ၂၀၂၆
ပြောင်းရှည်သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦးက ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ နွဲနော်ရပ်ရှိ ကိုစိုင်းလွတ် ပရိဘောဂနှင့် အိမ်သုံးပစ္စည်းအရောင်းဆိုင်သို့ ဝင်ရောက်ကာ ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ အမျိုးသမီးငယ်ကို နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲမှု ကျူးလွန်သွားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂ ရက်၊ နေ့လယ်ပိုင်းက အဖြူရောင် Mark X ဟု ယူဆရသော ယာဥ်တစ်စီးက ကိုစိုင်းလွတ် ပရိဘောဂဆိုင်ရှေ့တွေင် ထိုးရပ်ပြီးနောက် ယာဥ်ပေါ်မှ ဦးထုပ်ကိုယ်စီဆောင်းကာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ထားပြီး ပြောင်းရှည်သေနတ်ကိုင်ဆောင်သူ လေးဦးက ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မ ပြန်ပေးဆွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်တွင် ဆိုင်အတွင်း ကိုစိုင်းလွတ် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများလည်း ရှိနေပြီး သေနတ်ကိုင်လူများ ရုတ်ချည်းဝင်ရောက်လာသဖြင့် ထွက်ပြေးကြရာ အများစုလွတ်မြောက်သွားသဖြင့် ဆိုင်ရှင်၏သမီးငယ်ကို ဓားဆာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့ပေါ်တွင် ရွှေဆိုင်ပိုင်ရှင်ကို နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ကာ ရွှေထည်များနှင့် ကားပါ လုယက်မှု ဖြစ်ပွားခဲ့သေးသည်။
