နေမိုး
၃. ၇. ၂၀၂၆
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၏ အခါတော်ပေးဖြစ်ခဲ့သူ ဒေါက်တာဖေဉာဏ်ဟု နာမည်ကျော် လူသိများခဲ့သော ဦးပညာဝံသ လုပ်ကြံသတ်ဖြတ်ခံရမှု တရားခံအား ဖော်ထုတ် ဖမ်းဆီးနိုင်မှုမရှိသေးကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်း၊ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းဝင်းအတွင်း ပန်းရန်လုပ်ငန်းလုပ်ကိုင်သူနှစ်ဦးသည် ယမန်နေ့ ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီခွဲအချိန်၌ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဖေဉာဏ် (ခ) ဦးပညာဝံသ၊ သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါအား ဆွမ်းချိုင့်ပို့ရန် လျှောက်ထားရာ လျှောက်ထား ခေါ်ယူ၍မရသည့်အပြင် ကျောင်းတံခါးများအားပိတ်ထားသဖြင့် ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းဆောင် ခေါင်းရင်းရှိ သော့ချိတ်ထားသော တံခါးမကြီးမှ ဝင်ရောက်ကြည့်ရာ ဆရာတော်မှာ အိပ်ခန်းနှင့် စာကြည့်ခန်းကူးရာ တံခါးဝ၌ မှောက်လျှက်တစောင်းအနေအထားဖြင့် လဲကျသေဆုံးနေကြောင်း တွေရှိရသဖြင့် ကျောင်းဒါယိကာ ဦး(-) အား ဖုန်းဆက်အကြောင်းကြားခဲ့ရာ ၎င်းက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု NOM ၏ ဖော်ပြမှုအရ သိရသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆရာတော်ကြီး၏ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် မှော်ဘီပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သဖြင့် ဆေးရုံရှိတာဝန်ကျဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးခဲ့ရာ ဆရာတော်ကြီးမှာ ယာဘက်နံညွှန့်အား ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ဒဏ်ရာရရှိ သေဆုံးရခြင်းဖြစ်သည်။
ထို့ကြောင့် CID (Criminal Investigation Department) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ/များအား ဖမ်းဆီးရမိရေးအတွက် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ အပူတပြင်း ဆောင်ရွက်လျက်ရှိသော်လည်း ဖြစ်စဥ်ဖြစ်ပွားပြီး ၂၄ နာရီကျော်သည့်အထိ တရားခံ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
ဒေါက်တာဖေဉာဏ်သည် နာမည်ကြီး ဝေဒပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်နှင့် နိုင်ငံတော်အစိုးရများအကြား အခါတော်ပေးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
