သတိုး
၃.၇. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ် တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထောင်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်သည့် ယနေ့ခရီးစဥ်သည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး လာအိုနှင့် မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်း ဖြစ်သည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရေး၊ နီးကပ်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရပြီး နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ပိုမိုခိုင်မာကာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။





