သတိုး
၃. ၇. ၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ သောင်လွန် ဆီဆိုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦးရှေ့မှောက်တွင် မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) များကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံသမ္မတများရှေ့မှောက် မြန်မာနှင့် လာအိုနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (Sister City MoU) ကို လဲလှယ်ခဲ့ကြောင်း သိရသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ထောင်လွန် ဆီဆိုလစ် (Thongloun Sisoulith) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သွားရောက်သည့် ယနေ့ခရီးစဥ်သည် ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး လာအိုနှင့် မြန်မာနှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် သွားရောက်ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်နှင့် ယနေလဲလှယ်ခဲ့သော နားလည်မှုစာချွန်လွှာများသည် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရေး၊ နီးကပ်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေမည်ဖြစ်သလို ခရီးသွားကဏ္ဍနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။






