၃.၇.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်များကို တရားဝင်မှတ်ပုံတင်ပေး၍ မရကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် ဖြေကြားပြီးနောက် လိုင်စင်သက်တမ်းတိုးမည့် ဆိုင်ကယ်များ ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ထိုးရပြီး မလိုက်နာပါက အရေးယူခြင်းခံရမည်ဟု ဖော်ပြပါရှိကြောင်း ဆိုင်ကယ်မောင်းနှင်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ရှစ်သောင်းကျော်ရှိပြီး တရားဝင်မှတ်ပုံတင်ပေး၍ မရကြောင်းနှင့် ၎င်းအစား တရားဝင်တင်သွင်းခွင့်ပြုထားသည့် သုံးဘီးဆိုင်ကယ်များ တင်သွင်းလာပါက ဥပဒေနှင့်အညီ ခွင့်ပြုပေးသွားမည်ဟု တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဇွန် ၂၂ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ မေးမြန်းမှုကိုလာရောက်ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ဇူလိုင် ၁ ရက်က စတင်၍ မော်တော်ဆိုင်ကယ်တွင် ဘေးတွဲတပ်ဆင်အသုံးမပြုပါကြောင်းနှင့် လိုက်နာဆောင်ရွက်မရှိပါက ၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ နှင့် ပုဒ်မ ၉၆ အရ အရေးယူခြင်းခံရမည်ကို သိရှိပါကြောင်း ခံဝန်ထိုးရမှု ဖြစ်ပေါ်လာကြောင်း သိရသည်။
သာကေတမြို့နယ်အတွင်းမှ ဘေးတွဲမောင်းနှင်သူတစ်ဦးက “ဘေးတွဲဆိုင်ကယ်တွေက ရိုးရိုးဆိုင်ကယ်ကို ဘေးတွဲပြန်ဆင်ကြတာ။ တချို့ဆိုင်ကယ်တွေက လိုင်စင်ဘီးကို ပြန်ဆင်ကြပေမဲ့ ဝစ်သောက်ဘီးကို ပြန်ဆင်တာက များတယ်။ လိုင်စင်ဘီးကျတော့ ဆီဆိုင်မှာ ဆီဝယ်ရတာလွယ်တယ်။ ဝစ်သောက်ဘီးတွေကျတော့ ရပ်ကွက်နဲ့မြို့နယ်က နားလည်မှုနဲ့ထုတ်ပေးထားတဲ့ ကတ်ပြားတွေ၊ အင်္ကျီတွေဝတ်ပြီး ဆီဝယ်လို့ရတာ ရှိသလို၊ မရတာလည်းရှိတယ်။ ဆီကို အပြင်ကနေ ပြန်ဝယ်ပြီးမောင်းကြတယ်။ အခု ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးမယ်ဆိုရင် ခံဝန်ထိုးရမယ်ဆိုတာ ကျွန်တော်တို့လည်း ကြားပါတယ်။ လိုင်စင်ဘီးတွေကို တင်းကြပ်လိုက်ပေမဲ့ ဘေးတွဲအများစုက လိုင်စင်မရှိတဲ့ ဝစ်သောက်ဘီးတွေပါ” ဟု ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ တွင် မည်သူမဆို ပုဒ်မ ၈၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိပြီး ပုဒ်မ ၉၆ တွင် မည်သူမဆို နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း (သို့မဟုတ်) လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၈၅ တွင် မည်သူမျှ ဥပဒေနှင့်အညီ အခွင့်အာဏာမရှိဘဲ (သိုမဟုတ်) ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဌာန်ပျက်ပြားစေသည်အထိ ပြုပြင်ပြောင်းလဲခြင်း မော်တော်ယာဉ်စစ်ဆေးချက် သက်သေခံလက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်းမပြုရဟု ဖော်ပြထားကြောင်း သိရသည်။
ဆက်လက်၍ လုံ/နယ် ဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းသော မော်တော်ဆိုင်ကယ်များနှင့် ပြည်တွင်း၌ SKD စနစ်ဖြင့်ထုတ်လုပ်သော မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သတ်မှတ်အထောက်အထားများပြည့်စုံပါက မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် ၁၁၈၉၈၈ စီးနှင့် သုံးဘီးတပ်ယာဉ်၊ သုံးဘီးဆိုင်ကယ် ၇၂၆၀ စီးအား မှတ်ပုံတင်ပေးကာ လိုင်စင်ထုတ်ပေးခဲ့သလို ရန်ကုန်မြိုတော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှအပ တစ်နိုင်ငံလုံး မောင်းနှင်နိုင်ကြောင်း လုံ/နယ် ဝန်ကြီး၏ ဖြေကြားချက်ထဲတွင် ဖော်ပြထားသည်။
“ဘေးတွဲတွေအစား သုံးဘီးဆိုင်ကယ်တွေ အစားထိုး တင်သွင်းပြီး လိုင်စင်ထုတ်ပေးမယ်လို့ သိရပေမဲ့ သုံးဘီးဆိုင်ကယ်တွေက စည်ပင်သာယာနယ်နိမိတ်အတွင်းက မြို့နယ်ထဲမှာ မောင်းလို့မရနိုင်ဘူး။ ဘေးတွဲတွေက အခုဆိုရင် သာကေတ၊ လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်တွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေကြတာ။ အဲဒီမြို့နယ်တွေက စည်ပင်နယ်နိမိတ်ထဲမှာပါတယ်။ ဘေးတွဲတွေက အသုံးဝင်တယ်ဆိုပေမဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာတာမရှိဘူး။ တချို့တလေပဲ စည်းကမ်းရှိတယ်။ ဘေးတွဲနဲ့ ကားနဲ့ တိုက်ပြီဆိုရင် ကြည့်လိုက် ဘေးတွဲပေါ်ကလူ သေတာများတယ်။ အခု ရန်ကုန်မှာ ကားမောင်းသူတွေ ကြောက်နေတာက ဘေးတွဲတွေပဲ။ ကားလမ်းအလယ်တောင် တက်မောင်းနေတာ တကယ့်လိုင်စင်ရ တရားဝင်တွေလိုပဲ” ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
အဆိုပါ ဘေးတွဲဆိုင်ကယ်များကို ၂၀၁၃ ခုနှစ်ခန့်က ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် ပင်လယ်ကမ်းခြေဒေသများတွင် ပစ္စည်းသယ်ယူခြင်းအတွက် စတင်သုံးစွဲခဲ့ပြီး နယ်မြေနီးစပ်မှုရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြိုများ၏ ဆင်ခြေဖုံးနေရာများသို့ပျံ့နှံရောက်ရှိခဲ့ကြောင်း၊ ယခင် လူစီးဆိုက်ကားနေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း၊ ကုန်တင်တွန်းလှည်းနေရာတွင် လူစီးဘေးတွဲမော်တော်ဆိုင်ကယ်အဖြစ်လည်းကောင်း ဒေသန္တရအလုပ်ရုံ ဝပ်ရှော့များတွင် တရားမဝင်ပြုပြင်၍ အစားထိုး ပြောင်းလဲသုံးစွဲလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
