





သတိုး
၃. ၇. ၂၀၂၆
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၌ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် အခြားအကျိုးတူကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အညတရသူရဲကောင်းစစ်သည်ဗိမာန်သို့ ချက်ချင်း သွားရောက်ကာ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန် ဆီဆုလစ်တို့သည် ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သမ္မတနှစ်ဦးရှေ့မှောက်တွင် မြန်မာနှင့် လာအိုနိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Tourism MoU) နှင့် ညီအစ်မမြို့တော် (Sister City) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (Sister City MoU) နှင့် အာကာသနည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့သည်။
ထို့နောက် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လာအိုအမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
