သတိုး
၃. ၇. ၂၀၂၆
မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှသာ မိသားစု၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်လည်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၂ဝ၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပေးပို့ ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားမှုအရ သိရှိရသည်။
“မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား မ တန်းတူညီမျှမှု မြှင့်တင်ရေးအတွက် အဓိကမဟာဗျူဟာ စီမံကိန်းတစ်ခုဖြစ်တဲ့ “အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂ဝ၂၃-၂ဝ၃၂)” ကို ဘေဂျင်းလုပ်ငန်း စီမံချက်ရဲ့ အရေးကြီးကဏ္ဍ (၁၂)ရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။မဟာဗျူဟာစီမံကိန်းရဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ အနာဂတ် ကို ပုံဖော်ပေးတဲ့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မောင်းနှင်ပေးတဲ့ အခြေခံ အကျဆုံးနဲ့ အရေးပါဆုံးကဏ္ဍ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့် ရှိပေမယ့်လည်း အသက် ၁၅ နှစ်နဲ့အထက် စာတတ်မြောက်မှုနှုန်းမှာ အမျိုးသားများဟာ ၉၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသမီး ၉၀ ဒသမ ၉ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးများရဲ့ စာတတ်မြောက်မှုနှုန်းဟာ မြို့ပြမှာ ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတယ်။ မြို့ပြနဲ့ကျေးလက်များအကြားမှာ ပညာရေး ကွာဟချက်များ ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စာတတ်မြောက် မှုနှုန်း အနေနဲ့ တစ်နိုင်ငံလုံး ပျမ်းမျှနှုန်းထက် သိသိ သာသာ နည်းပါးနေတာကို တွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ပညာရေးကဏ္ဍမှာ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ ပညာသင်ယူခွင့်နဲ့ စွမ်းဆောင်ရည် မြှင့်တင် ရေးကို ပိုမိုအလေးထား ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ပြနဲ့ ကျေးလက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ပညာရေး ကွာဟချက်တွေကို လျှော့ချနိုင်ဖို့နဲ့ အမျိုးသမီးများအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ လေ့ကျင့် သင်ကြားရေး အခွင့်အလမ်းတွေ ပိုမိုရရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးအားဖြင့် ကျေးလက်နေ ကျောင်းနေအရွယ် အမျိုးသမီးငယ်များအားလုံး ကျောင်းတက်နိုင်ရေး၊ အနည်းဆုံး KG+9 သင်ယူနိုင်ရေးအတွ ဆောင်ရွက်ကြဖို့နဲ့ ကျေးရွာ စာကြည့်တိုက်ငယ်များ ဖွင့်လှစ်ပြီး စာပေလေ့လာဖတ်ရှုရေး၊ ဗဟုသုတများ ရရှိရေးတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း အလေးထား မှာကြားလိုပါတယ်။” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် တစ်နိုင်ငံလုံးအနေဖြင့် အသက် ၁၅ နှစ်နှင့်အထက် လုပ်သားအင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများက ၆၃ ဒသမ ၈ ရာခိုင်နှုန်း ရှိသော်လည်း အမျိုးသမီးများက ၃၄ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရသည့်အပြင် မြို့ပြနှင့် ကျေးလက်ဒေသများအကြား သာမက တိုင်းဒေသကြီးများနဲ့ ပြည်နယ်များ အကြားမှာလည်း အမျိုးသမီးများ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းမှာ အမျိုးသားများထက်နည်းပါးနေပြီး ကွာဟချက် ဆက်လက်တည်ရှိနေသည်ကို တွေ့ရှိရကြောင်းနှင့် ထိုအချက်အလက်များအရ အမျိုးသမီးများအတွက် စီးပွားရေး စွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်နိုင်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
“မြန်မာအမျိုးသမီးများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရပ်ပိုင်းနဲ့ အနုပညာ စတဲ့ ကဏ္ဍတွေမှာသာမက နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားများမှာပါ အမျိုးသားများနဲ့ တန်းတူ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ လွှတ်တော်အသီးသီးမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်းအနေနဲ့ ပထမအကြိမ် ပြည်ထောင် စုလွှတ်တော်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ဒုတိယအကြိမ်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အခုတတိယအကြိမ်မှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိတိုးတက်မှုရှိ လာတာ တွေ့ရပါတယ်။တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီး ဒုတိယရဲအုပ်အဆင့်နဲ့အထက် ပါဝင်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်မှာ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းထိမြင့်တက်လာတာ တွေ့ရပါတယ်။ ဒုတိယမြို့နယ် ဥပဒေအရာရှိနဲ့အထက် ရာထူးနေရာများနဲ့ ဒုတိယမြို့နယ် တရားသူကြီးနဲ့အထက် ရာထူးနေရာ တွေမှာလည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်မားနေတာ အားရဖွယ်ရာ တွေ့ရှိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များ အတွင်းမှာ ခန့်အပ်ပြီး ရပ်ကွက်ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူး ၁၅,၅၂၂ ဦးအနက် အမျိုးသမီး ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၁၀၉ ဦး ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးတွေကို ရပ်ရွာခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သူများအဖြစ် ဆုံးဖြတ်ချက်ချမှတ်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်ထားလျက်ရှိပြီး တာဝန်ထမ်းဆောင်နေ ကြတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူဝါဒများနဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ပိုမိုခိုင်မာအားကောင်းစေဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျား မ ရေးရာ လုပ်ငန်းစဉ်တွေအတွက် တာဝန်ခံမှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တိုးမြှင့်ဖို့နဲ့ အမျိုးသားများ၊ လူငယ်များကိုလည်း ကျား မ တန်းတူညီမျှမှု မြှင့်တင်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်”ဟုလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က”ယခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ တည်ထောင်မှု နှစ် (၃၀) ပြည့်မြောက်ပြီဖြစ်လို့ ဒီလို ထူးခြားတဲ့နှစ်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့အတွက် အမျိုးသမီးရေးရာ ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာကတိကဝတ်များကို ဆက်လက်အကောင်အထည် ဖော်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး တို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီကို ဒုတိယသမ္မတ (၂)နဲ့ အဆင့်မြှင့်တင် ဖွဲ့စည်းပေး ထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းလုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင် အထည်ဖော်ရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေးများရရှိတဲ့ လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးနဲ့ အထူးအားဖြင့် ကျေးလက်နေအမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးအတူတကွ ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများ နယ်ပယ် အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှသာ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်လည်း ဖွံ့ဖြိုး တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားပြီး တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီကို လျှောက်လှမ်းနိုင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်ရေးကို အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း မှာကြားလိုပါတယ်” ဟု ဆက်လက် ပြောကြားသည်။
