သက်တံ့
၂. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရိရာချာမြို့နယ်၊ ဘိုဝင်းဒေသတွင် ဖဲဝိုင်းအတွင်း စကားများ ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဘိုဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဘိုဝင်းတိုက်နယ်ရှိ Grace Christian ကျောင်းနောက်ဘက်ရှိ အဆောင်ခန်းတစ်ခု၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးတိုင်ကြားချက်ကို လက်ခံရရှိခဲ့သည်။ သတင်းရရချင်း စုံစမ်းစစ်ဆေးရေးမှူးများ ဦးဆောင်သော အရာရှိကြီးများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။


အဆိုပါနေရာသို့ ရောက်ရှိစဉ် သေနတ်သမားဟု သံသယရှိသူ အသက် ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ဆိုင်းယွတ် (Saiyut) သည် ထွက်ပြေးခြင်းမရှိဘဲ ရဲတပ်ဖွဲ့ထံ အဖမ်းခံရန် ထိုင်စောင့်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် ပစ်ခတ်ခံရသူ မြန်မာနိုင်ငံသား သုံးဦးကိုလည်း တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် အသက် ၄၀ အရွယ် ကိုအောင်မင်းမှာ ဦးခေါင်းကို သေနတ်မှန်ကာ ကျည်ဆန်ဖောက်ထွက်သွားသဖြင့် နေရာ၌ပင် သေဆုံးသွားခဲ့သည်။
ဒဏ်ရာရရှိသူ အမျိုးသမီးဖြစ်သူ မဇာထွန်း (၃၉ နှစ်) မှာမူ ညာဘက်နံဘေးအောက်တွင် သေနတ်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ်အတွင်း ကျည်ဆန်ထိုးဖောက်ဝင်နေသဖြင့် လမ်ချာဘန်း (Laem Chabang) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးထားရသည်။ အခြားအမျိုးသားတစ်ဦးဖြစ်သူ ကိုမျိုး (၃၅ နှစ်) မှာမူ ညာဘက်လက်တွင် ကျည်ဆန်ရှပ်ထိဒဏ်ရာ (ဒဏ်ရာအနည်းငယ်) ရရှိခဲ့သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သံသယရှိသူက ၎င်းတို့အဖွဲ့သည် ယမန်နေ့ကတည်းက ဖဲကစားနေခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်းသည် ဖဲရှုံးသဖြင့် ငွေကုန်သွားခဲ့ပြီးနောက် အလုပ်ဆင်းချိန်ပြီးမှ ပြန်လာခဲ့ခြင်းဖြစ်သည်။ ၎င်းပြန်ရောက်ချိန်တွင် ဖဲဝိုင်းမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း အတူပြန်ကစားရန် ၎င်းက ထပ်မံဖိတ်ခေါ်ခဲ့သည်။ ထိုသို့ဖိတ်ခေါ်စဉ် အဆိုပါ မြန်မာနိုင်ငံသားများက ၎င်းအား လှောင်ပြောင်သရော်သည့်အကြည့်ဖြင့် ကြည့်ခဲ့ကြသဖြင့် ဒေါသထွက်သွားခဲ့ကြောင်း သံသယရှိသူက ထွက်ဆိုသည်။
ထို့နောက် ၎င်းသည် အသွင်ပြောင်းပြင်ဆင်ထားသည့် ၉ မမ (9mm) သေနတ်ကို သွားရောက်ယူဆောင်ကာ အခန်းတွင်းရှိ အမျိုးသားနှင့် အမျိုးသမီးများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ပြီးနောက်တွင်လည်း ထွက်ပြေးခြင်းမရှိဘဲ အာဏာပိုင်များထံ အဖမ်းခံရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က သံသယရှိသူကို ဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်စဉ်တစ်ခုလုံး၏ အသေးစိတ်အခြေအနေကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : Pattaya Mail
