သက်တံ့
၁. ၇. ၂၀၂၆
ယနေ့ ဇူလိုင်လ ၁ ရက်နေ့ အစောပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ Host Club (အမျိုးသမီးများကို ဖျော်ဖြေသည့်အမျိုးသားအဖော်ကလပ်) တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖျော်ဖြေရေးဆိုင်မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အရေးပေါ်ထွက်ပေါက်လည်း မရှိကြောင်း သိရသည်။
မူးအန်ပတ္တရား (Mueang Pattaya) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့သန်းခေါင်ကျော် ၁၂ နာရီ ၆ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သဖြင့် Sawang Boriboon Dhammastan အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။

မီးလောင်မှုမှာ ညကလပ်ဖွင့်လှစ်ထားရာ တစ်ထပ်အဆောက်အအုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းများအရ မီးမှာ ဆိုင်အတွင်းပိုင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွင် အဆောက်အအုံအတွင်းမှ ထူထပ်လှသော မီးခိုးလုံးကြီးများ ထွက်ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။
မီးသတ်သမားများသည် မီးကိုထိန်းချုပ်နိုင်ရန် မီးသတ်ကား ၃ စီးဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။ KhaoSod သတင်းဌာန၏ ဖော်ပြချက်အရ လမ်းကြုံဖြတ်သန်းသွားသည့် ရေပေးဝေရေးကုမ္ပဏီမှ ရေသယ်ကားတစ်စီးလည်း မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
မီးကို မိနစ် ၃၀ ခန့်အတွင်း ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို စတင်စစ်ဆေးခဲ့ရာတွင် လူသေဆုံးစေခဲ့သည့် အဆိုပါမီးလောင်မှုသည် ဆိုင်အဝင်ဝအနီးမှ စတင်ခဲ့သည့် ကနဦးလက္ခဏာများကို တွေ့ရှိခဲ့ရသည်။
ဆိုင်အဝင်ဝအနီးတွင် အသက် ၂၈ နှစ်အရွယ် ဆိုင်ဝန်ထမ်းဖြစ်သူ သနဖွန်း ဘန်ချန်း (Thanaphon Banchan) ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် အပြင်သို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့သော်လည်း အချိန်မီမထွက်နိုင်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။
အသက်ဘေးမှ လွတ်မြောက်လာသည့် ဝန်ထမ်းများ၏ ရဲတပ်ဖွဲ့သို့ ပြောပြချက်အရ အမိုးပေါ်မှ မီးခိုးများ ထွက်လာသည်ကို သတိပြုမိချိန်တွင် အဆောက်အအုံအတွင်း၌ သနဖွန်း အပါအဝင် လုပ်ဖော်ကိုင်ဖက် ၄-၅ ဦးခန့် ရှိနေခဲ့ကြောင်း သိရသည်။ ထို့နောက် မီးတောက်များ ချက်ချင်းဆိုသလို ကူးစက်ပြန့်နှံ့သွားသဖြင့် ဝန်ထမ်းများအားလုံး အပြင်သို့ အတင်းရုန်းထွက် ပြေးခဲ့ကြရသည်။
မီးစတင်လောင်ကျွမ်းချိန်တွင် သနဖွန်းသည် အိမ်သာထဲ ရောက်ရှိနေနိုင်သဖြင့် အပြင်သို့ ထွက်ပြေးလွတ်မြောက်ရန် နှောင့်နှေးသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း လုပ်ဖော်ကိုင်ဖက်များက စုံစမ်းစစ်ဆေးရေးမှူးများကို ပြောကြားခဲ့သည်။
အဆိုပါဖျော်ဖြေရေးဆိုင်မှာ လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အဆောက်အအုံတွင် သီးသန့်အရေးပေါ်မီးသတ်ထွက်ပေါက်လည်း မရှိကြောင်း ရဲတပ်ဖွဲ့က ခေါင်ဆော့သတင်းဌာနသို့ ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးရေးမှူးများသည် မီးလောင်ရသည့် အကြောင်းရင်းကို ဆက်လက်ဖော်ထုတ်လျက်ရှိသည်။
ယခုဖြစ်စဉ်ကြောင့် ၂၀၂၂ ခုနှစ်က ချွန်ပူရီခရိုင်၊ ဆာတာဟစ် (Sattahip) အရပ်ရှိ Mountain B ညကလပ် မီးလောင်မှုဖြစ်စဉ်ကို ပြန်လည်သတိရစရာ ဖြစ်လာခဲ့သည်။ ထိုစဉ်က မီးလောင်မှုကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ဖူးသည်။
Mountain B ကလပ် မီးလောင်မှုသည် စင်မြင့်အနီးမှ စတင်ခဲ့ပြီး မီးလောင်လွယ်သော အသံလုံပစ္စည်းများကြောင့် မီးကူးစက်မှု အလွန်မြန်ဆန်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ အရေးပေါ်ထွက်ပေါက် မလုံလောက်ခြင်း၊ ထွက်ပြေးရမည့်လမ်းကြောင်းများ ပိတ်ဆို့နေခြင်း၊ တံခါးများ သော့ခတ်ထားခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ထားခြင်း အပါအဝင် ဘေးကင်းလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုများစွာ ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
Ref : Thaiger

