၁.၇.၂၀၂၆
Written by Nay Yaung Lin
မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းတို့ကို နယ်မြေလုံခြုံရေးအခြေအနေကောင်းသည်နှင့် ချက်ချင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်က နေပြည်တော်ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မူဆယ် -မန္တလေး-ကျောက်ဖြူ ရထားလမ်းဆောက်လုပ်ရေးစီမံကိန်းသည် နှစ်ပိုင်းရှိပြီး မူဆယ်-မန္တလေး ရထားလမ်းပိုင်းနှင့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းဟူ၍ဖြစ်ပြီး မန္တလေးမှ ကျောက်ဖြူအထိ လမ်းကြောင်းရှာကာ Feasibility Studies များလုပ်နေကြောင်း၊ မူဆယ်မှ မန္တလေးအထိ Feasibility Report ပြီးသွားပြီဖြစ်၍ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက “မန္တလေးကနေပြီးတော့မှ ကျွန်မတို့ လမ်းကြောင်းရှာလို့ ကျောက်ဖြူ အဲ့ဒီအတွက် Feasibility Studies (ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု) တွေ လုပ်နေပါတယ်။ အဲ့တော့ ခုနက မူဆယ်ကနေ မန္တလေးအထိက Feasibility Report (ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု အစီရင်ခံစာ) ပြီးသွားပါပြီ။ လုပ်မယ့်အစီအစဉ် စပြီးလုပ်ဖို့ အနေအထားမျိုး ဖြစ်နေပါပြီ။ သူက လေ့လာတဲ့ အပိုင်းတွေအကုန် ပြီးသွားပြီ။ လမ်းကြောင်းရှာတာ နောက် သူ့ဘေးမှာ ဆောင်ရွက်ရမဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဒါတွေအတွက် Study ပြီးသွားပါပြီ။ စတင်ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုသို့ မန္တလေးမှ ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် Feasibility Study ဆောင်ရွက်နေရင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လုံခြုံရေးစိတ်မချရသဖြင့် ရပ်သွားခဲ့ပြီး လုံခြုံရေးအခြေအနေကောင်းသည်နှင့် အမြန်ဆုံး ပြန်စမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“မန္တလေးကနေပြီးတော့မှ ကျွန်မတို့ ကျောက်ဖြူ၊ ကျောက်ဖြူအတွက်ကိုက လမ်းကြောင်း အကြမ်းဖျင်း သူတို့ ရွေးချယ်ပြီးပါပြီ။ Feasibility Study လုပ်နေပါတယ်။ လုပ်နေရင်းကနေပြီးတော့မှ အခု ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တချို့နေရာတွေမှာ လုံခြုံရေး စိတ်မချရလို့ ရပ်သွားပါတယ်။ အခု ဒီလုံခြုံရေး အခြေအနေကောင်းတယ်ဆိုရင် ဒါကို အမြန်ဆုံး ပြန်စဖို့ ဆောင်ရွက်နေပါတယ်။ ဒါကတော့ ကျွန်မတို့ မူဆယ်ကနေ ကျောက်ဖြူအထိ ဖောက်မယ့် ရထားလမ်း အခြေအနေ။ လောလောဆယ်တော့ ကျွန်မ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုလာတန်းမြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်း နှစ်ခုစလုံး ပြန်စရန်နှင့် အမြန်ဆုံးအပြီးသတ် ဆောင်ရွက်ရန် သဘောတူညီချက်ရရှိထားပြီး နယ်မြေအေးချမ်းပြီး အခြေအနေပေးသည်နှင့် ချက်ချင်းပြန်စမည်ဖြစ်ကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ဆက်လက်ပြောကြားခဲ့သည်။
“နောက်တစ်ခုကလည်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း။ ဒါက ခုနက စောစောက ကျွန်မ တင်ပြ၊ ဆွေးနွေးသွားပြီးပါပြီ။ နှစ်ခုစလုံး ပြန်စဖို့၊ အမြန်ဆုံး အပြီးသတ် ဆောင်ရွက်နိုင်ဖို့အတွက် သဘောတူညီချက် ရရှိပြီးပါပြီ။ အဓိကကတော့ နယ်မြေအေးချမ်းဖို့ပေါ့နော်။ ဒီနယ်စပ်ဒေသတွေမှာ နယ်မြေအေးချမ်းဖို့၊ လုံခြုံရေးကောင်းဖို့ အဲ့ဒါတွေ အခြေအနေပေးတာနဲ့ ချက်ချင်း ပြန်စမဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်” နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းအရ အဆိုပါလမ်းမကြီးသည် ၁၃၆၀ ကီလိုမီတာခန့်ရှည်လျားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုရေးမြို့မှ စတင်ကာ မြန်မာနိုင်ငံကို ကျော်ဖြတ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဆုံးသတ်မည်ဖြစ်ပြီး လေးလမ်းသွား လမ်းမကြီးဖြစ်ကြောင်း သိရသည်။
