၁.၇.၂၀၂၆
Written by Nay Yaung Lin
ဂျပန်အစိုးရ၏ ODA ချေးငွေ အကူအညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပြီး အကူညီများ လိုအပ်နေဆဲဖြစ်၍ ယခင်သဘောတူညီခဲ့သည့် အကူအညီများသာ ပြန်ပေးမည်ဆိုလျှင် ပြည်သူများအတွက် အထောက်အပံ့များရရှိကာ များစွာအကျိုးရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပိုင်းတွင် ဂျပန်နိုင်ငံက ODA ရပ်ဆိုင်းထားသည့်အတွက် Infrastructure Development (အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု) အပိုင်းများတွင် ရပ်တန့်နေသည်ဖြစ်ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဂျပန်နိုင်ငံကို မည်ကဲ့သို့ မျှော်လင့်ပြီး လက်ရှိ ရေတိုကာလတွင် ဂျပန်နိုင်ငံ၏ အထောက်အပံ့သည် မြန်မာ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မလိုအပ်သေးဘူးဟု ယူဆပါသလား” ဟု နိုင်ငံခြားသတင်းထောက်တစ်ဦးက မေးမြန်းခဲ့ကြောင်း သိရသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက “ဖြစ်နိုင်ရင်တော့ ကျွန်မတို့ အခု အကူအညီအသစ်ကို အသာထားပါဦး။ ကျွန်မတို့ သဘောတူညီခဲ့ကြတဲ့ အကူအညီတွေကိုသာ ပြန်ပေးမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် အများကြီး အထောက်အပံ့ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အများကြီး အကျိုးရှိပါတယ်ဆိုတာလေး ပြောချင်ပါတယ်။ ခုနက မေးတဲ့ မေးခွန်း “အကူအညီ မလိုတော့ဘူးလား” ဆိုတော့ လိုပါတယ်၊ ကူညီပေးပါလို့ ကျွန်မတို့ ဒီနေရာကနေ Request လုပ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံမှ မိမိတို့နိုင်ငံအနေဖြင့် ODA အကူအညီများစွာ ရရှိခဲ့ပြီး အထူးသဖြင့် ပညာသင်ကြားရေး ကဏ္ဍများနှင့် Infrastructure ကဏ္ဍများတွင် အကူအညီများရရှိခဲ့ပြီး အမှန်တကယ်လည်း အထောက်အကူဖြစ်ကြောင်း၊ သန်လျင်-ရန်ကုန် တံတားကြီးဆိုလျှင်လည်း မျက်မြင်ပဲဖြစ်ကြောင်း၊ လမ်းများ၊ တံတားများဆောင်ရွက်ပေးခဲ့မှုများလည်း အမှန်တကယ် ခိုင်မာပြီး အင်မတန်ကောင်းမွန် သပ်ရပ်လှပသဖြင့် ပြည်သူများအတွက် အကျိုးရှိသည့် အကူအညီများဖြစ်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါအကူအညီများ ရပ်ထားသည့်အတွက် ပြည်သူများထိခိုက်လျက်ရှိကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောကြားခဲ့သည်။
“အခုတော့ ဒီအကူအညီတွေကို ရပ်ထားတယ်။ ရပ်ထားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အကုန်လုံး ရပ်သွားတယ်။ ဒါသည်လည်း ပြည်သူတွေကိုပဲ ထိခိုက်ပါတယ်ရှင်။ တကယ်တမ်းကျတော့ ရထားလမ်းစီမံကိန်း ရပ်သွားတယ်။ ပြည်သူတွေ ဒုက္ခရောက်သွားတာပါပဲ။ ဆိုတော့ ဒီဂျပန်အစိုးရကိုလည်း ကျွန်မတို့ ပြောချင်တာကတော့ ကူညီပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အကူအညီတွေ လိုအပ်နေပါတယ်။ အထူးသဖြင့် ကျွန်မတို့ နိုင်ငံက နဂိုထဲကမှ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ရတဲ့ထဲကမှ ပြီးခဲ့တဲ့ ၂၀၂၅ မှာ ဖြစ်ခဲ့တဲ့ ငလျင်ကြောင့် ကျွန်မတို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အများကြီး လုပ်ရပါဦးမယ်။ အပျက်အစီးသွားတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအတွက်က အများကြီးလိုအပ်… အကူအညီတွေ အများကြီး၊ အထူးသဖြင့်တော့ International (နိုင်ငံတကာ) အကူအညီတွေ အများကြီး လိုအပ်ပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
