သက်တံ့
၃၀. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် မြန်မာအမျိုးသားတစ်ဦးကို ယခင်က အလုပ်ရှင်ဖြစ်ဖူးသည့် အိန္ဒိယလူမျိုးများက ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်ခြင်းနှင့် ပြန်ပေးဆွဲခြင်း ကျူးလွန်မှုတို့ဖြင့် တိုင်ကြားထားသလို အဆိုပါ အိန္ဒိယလူမျိုးများကမူ မြန်မာအမျိုးသားမှာ ခိုးမှုကျူးလွန်သည်ဟု ပြန်လည်စွပ်စွဲထားသည်။
ဖြစ်စဉ်အပေါ် ပတ္တရားရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ယင်းဆိုင်သို့ လာရောက်စားသုံးသည့် မြန်မာနိုင်ငံသား ဖောက်သည်တစ်ဦး ရိုက်နှက်ခံရသည့်ဖြစ်စဉ်အတွက် Indian Community Pattaya အမည်ရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းထံ အသိပေးတိုင်ကြားခဲ့သည်။ တိုင်ကြားသည့် ဆိုင်ပိုင်ရှင်က ကျူးလွန်သူများမှာ အိန္ဒိယလူမျိုးများဖြစ်ကြောင်း ပြောဆိုပြီး အဖွဲ့အစည်းအနေဖြင့် အသေးစိတ်ကို ဝေမျှပေးရန်နှင့် အမှုကိစ္စကို စုံစမ်းပေးရန် တောင်းဆိုခဲ့သည်။
စားသောက်ဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရ အဆိုပါဖြစ်စဉ်မှာ “ရမ်” ဟုခေါ်ဆိုသည့် အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦး သူငယ်ချင်းနှစ်ဦးနှင့်အတူ စားသောက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတို့စားသောက်ရာနေရာသို့ အိန္ဒိယလူမျိုး အမျိုးသားတစ်ဦး လာရောက်ချဉ်းကပ်ခဲ့သည်။ စကားပြောဆိုပြီး မကြာမီတွင် စားသောက်ဆိုင်ရှေ့၌ ကားတစ်စီး ရပ်တန့်လာခဲ့သည်။
ကားပေါ်မှ အခြားအိန္ဒိယအမျိုးသားတစ်ဦး ဆင်းလာပြီး ရမ်၏မျက်နှာကို ရိုက်နှက်ခဲ့သည်။ အိန္ဒိယလူမျိုးအမျိုးသားက ရမ်၏လည်ပင်းကို ဆွဲကိုင်ကာ ကားဆီသို့ အတင်းအကျပ် ခေါ်ဆောင်သွားသောအခါ အခြေအနေမှာ ပိုမိုတင်းမာလာခဲ့သည်။ ရမ်၏သူငယ်ချင်းများက ဝင်ရောက်တားဆီးရန် ကြိုးစားချိန်တွင် အိန္ဒိယလူမျိုးတစ်ဦးက ၎င်းတို့ကို ခြိမ်းခြောက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
စားသောက်ဆိုင်ရှိ CCTV မှတ်တမ်းကို နောက်ပိုင်းတွင် အဆိုပါအဖွဲ့အစည်းနှင့် သတင်းဌာနများထံ မျှဝေခဲ့ပြီး ထိုင်းလူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သဖြင့် ပြည်သူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
နောက်ပိုင်းတွင် ပြန်လွတ်လာသော ရမ်က Workpoint News သို့ ပြောကြားရာ၌ ပါဝင်ပတ်သက်နေသော အိန္ဒိယလူမျိုးများမှာ ယင်း၏ အလုပ်ရှင်ဟောင်းများဖြစ်ကြောင်း ပြောသည်။ ယင်းသည် ပြီးခဲ့သည့် အောက်တိုဘာလက ၎င်းတို့ထံတွင် အလုပ်လုပ်ခဲ့သော်လည်း အချိန်ပိုဆင်းရန် ငြင်းဆန်သဖြင့် အလုပ်ထုတ်ခံခဲ့ရကြောင်း ပြောသည်။
ထို့ပြင် အလုပ်ရှင်ဟောင်းများက ရမ်ကို ခိုးမှုဖြင့် တိုင်ကြားထားကြောင်းလည်း ပြောကြားခဲ့ပြီး ယင်းစွပ်စွဲချက်ကိုမူ ရမ်က ငြင်းဆိုခဲ့သည်။ ရမ်၏ နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများမှာ ထိုအလုပ်ရှင်အဖွဲ့ထံတွင် ရှိနေဆဲဖြစ်သော်လည်း လုံခြုံရေးကြောင့် ပြန်လည်ရယူရန် မကြိုးစားရဲသေးကြောင်း ပြောသည်။
ရမ်၏ ပြောပြချက်အရ ယင်းကို စားသောက်ဆိုင်မှ Bali Hai ဆိပ်ကမ်းအနီးရှိ ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ထပ်မံရိုက်နှက်ခဲ့ကြောင်း သိရသည်။ ကျူးလွန်သူအလုပ်ရှင်ဟောင်းများက ရမ်ကို ၎င်းတို့အကြောင်း အတင်းအဖျင်းများ လိုက်ပြောသည်ဟု စွပ်စွဲခဲ့ကြောင်း သူက ဆိုသည်။ နောက်ဆုံးတွင် ရမ်ကို တောင်ပိုင်းပတ္တရားရှိ လမ်းဘေးတစ်ခုတွင် ချထားခဲ့ကြောင်းလည်း သိရသည်။
စွပ်စွဲခံထားရသော အိန္ဒိယလူမျိုးများက ရမ်ကို ရိုက်နှက်ခဲ့ကြောင်း မီဒီယာကို ဝန်ခံခဲ့သော်လည်း ရမ်က ၎င်းတို့နှင့် မိသားစုဝင်များကို အရင်ဆုံး စော်ကားပြောဆိုသဖြင့် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ခုခံချေပခဲ့သည်။ ၎င်းတို့က ဝန်ထမ်းဟောင်းဖြစ်သူ ရမ်အား ကားနှင့် ငွေသား ဘတ် ၇၃,၀၀၀ ကျော်ကို ခိုးယူသွားသည်ဟုလည်း စွပ်စွဲခဲ့သည်။
Indian Community Pattaya အဖွဲ့က ရမ်အား လိုက်ပါကူညီပေးပြီး Mueang Pattaya ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့က အမှုအား အပြီးသတ် စစ်ဆေးခြင်းမရှိသေးဘဲ သက်သေအထောက်အထားများ စုဆောင်းလျက်ရှိသည်။
Ref: The Thaiger

