သက်တံ့
၃၀. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ နွန်ထပူရီခရိုင် (Nonthaburi)၊ ဘန်ဘွာထောင် (Bang Bua Thong) မြို့နယ်ရှိ အဆင့်မြင့်အိမ်ရာဝင်းတစ်ခုတွင် အိမ်ရှင်အမျိုးသမီးအပေါ် လိင်စိတ်ဆန္ဒရှိနေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦးသည် ကာမစပ်ယှက်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းအိမ်ရာအတွင်းရှိ နေအိမ်တစ်လုံးသို့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။
ထိုလုံခြုံရေးဝန်ထမ်း၏ ကာမစိတ်စွဲလမ်းခြင်းခံရသူမှာ အသက် ၂၆ နှစ်အရွယ် အွန်လိုင်းဆယ်လီ (Influencer) အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် နေအိမ်၏ လုံခြုံရေးအချက်ပေးစနစ် (Alarm) မြည်လာ၍ CCTV မှတ်တမ်းကို စစ်ဆေးကြည့်ရာမှတစ်ဆင့် နေအိမ်အတွင်း လူစိမ်းတစ်ဦး ရောက်ရှိနေသည်ကို သတိပြုမိခဲ့ခြင်းဖြစ်သည်။


အဆိုပါ အမျိုးသမီးသည် ဒုတိယထပ်ရှိ အိပ်ခန်းပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ တွားတက်ကာ အိမ်နီးနားချင်းတစ်ဦး၏ နေအိမ်သို့ ထွက်ပြေးတိမ်းရှောင်ပြီး အကူအညီတောင်းခံခဲ့သည်။ သူမ၏ အမည်ကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။
ထိုင်းနိုင်ငံ၏ ဟာသသရုပ်ဆောင်လောကတွင် လူသိများသလို ဆယ်လီအမျိုးသမီး၏ ဦးလေးလည်းဖြစ်သည့် ဘန်ချာ ပါနီဝပ် (ခေါ်) “ပါချူး” က သံသယရှိသူ လုံခြုံရေးဝန်ထမ်းသည် ၎င်း၏တူမဖြစ်သူအပေါ် စိတ်စွဲလမ်းနေသည်မှာ ကြာပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။
၎င်းလုံခြုံရေးဝန်ထမ်းသည် တူမဖြစ်သူ၏ လှုပ်ရှားမှုများကို သုံးလခန့် စောင့်ကြည့်နေခဲ့ပြီး ယခင်ကလည်း အမျိုးသမီး အိမ်မှာမရှိခိုက် နေအိမ်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် တိတ်တဆိတ် ခိုးဝင်ခဲ့ဖူးကြောင်း သိရသည်။
ဦးလေးဖြစ်သူ ပါချူးက သူ၏ Facebook စာမျက်နှာတွင် ထိုတုန်လှုပ်ဖွယ်ဖြစ်စဉ်ကို ရေးသားခဲ့ရာ၌ တူမဖြစ်သူသည် လွတ်မြောက်ရန်အတွက် မြင့်မားသော ဝရံတာပေါ်သို့ တွားတက်ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရကြောင်း ဖော်ပြထားသည်။ နေအိမ်၏ လုံခြုံရေးစနစ်ကြောင့်သာ အချိန်မီ သိရှိခဲ့ရခြင်းဖြစ်ပြီး အကယ်၍ အချက်ပေးသံသာ မမြည်ခဲ့ပါက ယခုထက် ပိုမိုဆိုးရွားသည့် အခြေအနေမျိုး ကြုံတွေ့ရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းက တူမဖြစ်သူ၏ အဝတ်လဲခန်း (Walk-in wardrobe) အတွင်း၌ သုတ်ရည်ဟု ယူဆရသည့် အရည်ကွက်များ ပေကျံနေမှုကို ပြသသည့် ဓာတ်ပုံများကိုလည်း လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ လုံခြုံရေးဝန်ထမ်းကို ဖမ်းဆီးခဲ့ပြီး ၎င်းက အိမ်ရှင်အမျိုးသမီးအပေါ် စိတ်ကူးယဉ်စွဲလမ်းမှုကြောင့် နေအိမ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
နစ်နာသူ ဆယ်လီအမျိုးသမီးကမူ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရာစီမံခန့်ခွဲရေးရုံး၊ နာယကရုံးနှင့် လုံခြုံရေးကုမ္ပဏီတို့၏ တုံ့ပြန်ဆောင်ရွက်မှုအပေါ် ဝေဖန်ခဲ့ပြီး ၎င်းတို့အနေဖြင့် လုံလောက်သော တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကုမ္ပဏီကမူ ဖြစ်စဉ်အတွင်း ကာမပိုင်းဆိုင်ရာ စော်ကားမှု (Sexual assault) အမှန်တကယ် မကျူးလွန်ရသေးဟု အကြောင်းပြကာ လျော်ကြေးငွေ ဘတ် ၂၀၀,၀၀၀ ပေးရန် ကမ်းလှမ်းခဲ့ပြီး အကယ်၍ ယခုကမ်းလှမ်းမှုကို ငြင်းပယ်ပါက နောက်ပိုင်းတွင် ယခုထက် လျော်ကြေးငွေ ပိုနည်းသွားလိမ့်မည်ဟု သတိပေးခဲ့ကြောင်း သူမက ဆိုသည်။
အဆိုပါ ဆယ်လီအမျိုးသမီးက သူမအနေဖြင့် လုံခြုံစိတ်ချရသော လူနေမှုပတ်ဝန်းကျင်ကို မျှော်လင့်၍ ဤနေအိမ်ကို ဘတ် ၁၀ သန်းကျော် ပေးဆောင်ကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ထိုနေရာတွင် နေထိုင်ရန် လုံခြုံမှုမရှိတော့ဟု ခံစားရသဖြင့် နေအိမ်ကို ပြန်လည်ရောင်းချရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခုဖြစ်စဉ်ကြောင့် သူမအနေဖြင့် စိတ်ဖိစီးမှုဝေဒနာ (PTSD) ကိုလည်း ခံစားနေရသည်ဟု ဆိုသည်။
ဦးလေးဖြစ်သူ ပါချူး၏ ပြောကြားချက်အရ မိသားစုဝင်များသည် လုံခြုံရေးကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း လျော်ကြေးပေးအပ်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအတွက် တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။
Ref : Bangkok Post
