သက်တံ့
၃၀. ၆. ၂၀၂၆
ဘယ်လာရုစ်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Belavia သည် မြို့တော်မင့်စ်ခ် (Minsk) နှင့် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တို့အကြား ပထမဆုံးသော တိုက်ရိုက်ခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရပြီး ယင်းခရီးစဉ်သည် ကမ္ဘာလှည့်ခရီးသွားများနှင့် စီးပွားရေးသမားများအတွက် ဘယ်လာရုစ်နှင့် ထိုင်းနိုင်ငံအကြား ကြားဖြတ်နားနားစရာမလိုဘဲ တိုက်ရိုက်သွားလာနိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
အဆိုပါ မင့်စ်ခ်-ဘန်ကောက် ခရီးစဉ်သစ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Airbus A330-200 လူစီးလေယာဉ်အမျိုးအစားဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ကြေညာခဲ့သည်။ ယခုလမ်းကြောင်းသစ်ကြောင့် ခရီးသည်များအနေဖြင့် နှစ်နိုင်ငံအကြား သွားလာရာတွင် အခြားလေဆိပ်တစ်ခုခု၌ လေယာဉ်ပြောင်းစီးရမည့် အလုပ်ရှုပ်မှုများ ရှိတော့မည်မဟုတ်ကြောင်းလည်း ဆိုသည်။
လေယာဉ်ခရီးစဉ်အမှတ် B2799 သည် မင့်စ်ခ်မြို့မှ နံနက် ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ ညနေ ၅ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ အပြန်ခရီးစဉ်ဖြစ်သော လေယာဉ်အမှတ် B2800 သည် သုဝဏ္ဏဘူမိလေဆိပ်မှ ည ၇ နာရီ ၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ နောက်တစ်နေ့ နံနက် ၁ နာရီ မိနစ် ၅၀ တွင် မင့်စ်ခ်မြို့သို့ ဆိုက်ရောက်မည်ဖြစ်သည်။
မင့်စ်ခ်-ဘန်ကောက် တိုက်ရိုက်ခရီးစဉ်ကို ယခုကဲ့သို့ စတင်နိုင်ခြင်းသည် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နောက်ထပ် အလားအလာကောင်းသော တိုးတက်မှုတစ်ခု ဖြစ်လာခဲ့သည်။
Belavia လေကြောင်းလိုင်းက ဘန်ကောက်မြို့ကို “အရှေ့တိုင်း၏ ဗင်းနစ်မြို့တော်” ဟု တင်စားပြောဆိုခဲ့ပြီး ထိုင်းမြို့တော်၏ ယဉ်ကျေးမှု၊ မြစ်ချောင်းအသွယ်သွယ်၊ အစားအသောက်များနှင့် အာရှတွင် အစည်ကားဆုံးမြို့တစ်မြို့အဖြစ် ကျော်ကြားမှုကို မြှင့်တင်ဖော်ပြခဲ့သည်။
အဆိုပါ ဝန်ဆောင်မှုသစ်သည် ဥရောပအရှေ့ပိုင်းမှ ခရီးသည်များအတွက် ပိုမိုအဆင်ပြေချောမွေ့သော ခရီးသွားလာခွင့်ကို ရရှိစေမည့်အပြင် ဘယ်လာရုစ်နှင့် ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် နောင်လာမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။
ဆက်စပ်ဖြစ်စဉ်တစ်ခုအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၉ ရက်မှ ၁၁ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့သော နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) ၏ Slot Conference အပြီးတွင် မင့်စ်ခ်-ဘန်ကောက် ခရီးစဉ်သည် မကြာမီစတင်ပြေးဆွဲရန် မျှော်မှန်းထားသည့် နိုင်ငံတကာလမ်းကြောင်းသစ် ၁၁ ခုအနက် တစ်ခုအဖြစ် ပါဝင်ခဲ့သည်။
ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ၏ ပြောကြားချက်အရ လေကြောင်းလိုင်း ၈၇ လိုင်းက ထိုင်းနိုင်ငံသို့ ပျံသန်းမည့် လမ်းကြောင်းများကို စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး ၂၀၂၆-၂၀၂၇ ဆောင်းရာသီ လေယာဉ်ဆိုက်ကပ်ခွင့် (Slot) ခွဲဝေမှုများသည်လည်း နိုင်ငံတကာခရီးစဉ်သစ်များနှင့် လမ်းကြောင်းတိုးချဲ့မှုများကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
Ref : The Thaiger
