သတိုး
၂၉. ၆. ၂၀၂၆
ထိုင်းအမျိုးသားလေကြောင်းလိုင်း (Thai Airways International) မှ လေယာဉ်မယ်တစ်ဦး မဲလ်ဘုန်းလေဆိပ်၌ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဩစတြေးလျ အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လေကြောင်းလိုင်းဘက်က ကတိပြု ပြောကြားလိုက်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များတွင် ဩစတြေးလျ တာဝန်ရှိသူများကို အပြည့်အဝ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထိုင်းလေကြောင်းလိုင်းက တနင်္လာနေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် (Facebook) စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အဆိုပါ လေယာဉ်မယ်အမျိုးသမီးသည် ပြီးခဲ့သည့် ကြာသပတေးနေ့က မဲလ်ဘုန်းလေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် ၎င်း၏ ခရီးဆောင်အိတ်များအတွင်းမှ ဘိန်းဖြူ ၁ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် လက်ဆွဲအိတ် (Tote Bags) ၁၂ အိတ် သယ်ဆောင်လာခဲ့ပြီး၊ အဆိုပါ ဘိန်းဖြူများကို အိတ်များ၏ အတွင်းပိုင်းအလွှာ၌ ထည့်သွင်းဝှက်သယ်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် အမှန်တရားကို ဖော်ထုတ်နိုင်ရန် ထိုင်းနိုင်ငံနှင့် ဩစတြေးလျနိုင်ငံရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း လေကြောင်းလိုင်းက ဆိုသည်။
ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က အဆိုပါ ဖမ်းဆီးမှုကို တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သော်လည်း ဖမ်းဆီးခံရသူအား “ထိုင်းလေကြောင်းလိုင်းတစ်ခုမှ ဝန်ထမ်း” ဟုသာ ဖော်ပြခဲ့ပြီး၊ လေကြောင်းလိုင်းအမည်၊ တရားခံ၏အမည် သို့မဟုတ် ရာထူးအသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း နောက်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်း (THAI) ဘက်က အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ချက်ထုတ်ကာ အဆိုပါအမျိုးသမီးသည် မိမိတို့ လေကြောင်းလိုင်း၏ လေယာဉ်အဖွဲ့ဝင် (လေယာဉ်မယ်) ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
လေကြောင်းလိုင်းအနေဖြင့် လေယာဉ်မှူးများနှင့် လေယာဉ်အဖွဲ့သားများ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိခြင်း သို့မဟုတ် မှောင်ခိုကူးခြင်း အပါအဝင် တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်းကို ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားပြီး၊ တာဝန်မဆင်းမီ ပုံမှန်သတိပေးနှိုးဆော်လေ့ရှိကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ဖောက်ဖျက်ကျူးလွန်သူများသည် ရာဇဝတ်ကြောင်းအရ အရေးယူခံရမည့်အပြင်၊ လေကြောင်းလိုင်း၏ ပြင်းထန်သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုများကိုပါ ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ လေယာဉ်ခရီးစဉ်အမှတ် TG465 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လေ့ကျင့်ထားသည့် မူးယစ်ဆေးဝါးရှာဖွေရေးခွေးက ၎င်း၏ခရီးဆောင်အိတ်များကို စစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။ ၎င်း၏ လက်ဝယ်မှ ဘိန်းဖြူ ၁ ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို လက်ဆွဲအိတ်များ၏ အတွင်းပိုင်းအလွှာတွင် ဝှက်သယ်လာခြင်းဖြစ်ပြီး လမ်းဘေးဈေးကွက်ပေါက်ဈေး တန်ဖိုးမှာ ဩစတြေးလျဒေါ်လာ ၅၀၀,၀၀၀ (ထိုင်းဘတ်ငွေ ၁၁ ဒသမ ၅ သန်းခန့်) ရှိမည်ဟု သတင်းများတွင် ဖော်ပြထားသည်။
လေယာဉ်ခရီးစဉ်ခြေရာခံဝဘ်ဆိုက် Flight Aware ၏ အချက်အလက်များအရ လေယာဉ်ခရီးစဉ်အမှတ် TG465 သည် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ ည ၇:၄၀ နာရီတွင် သုဝဏ္ဏဘူမိလေဆိပ်မှ ထွက်ခွာခဲ့ပြီး၊ နောက်တစ်နေ့ နံနက် ၇:၀၄ နာရီ (မဲလ်ဘုန်းစံတော်ချိန်) တွင် မဲလ်ဘုန်းလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref : Bangkok Post
