သက်တံ့
၂၉. ၆. ၂၀၂၆
အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ်နှင့် ယူတာပြည်နယ် နယ်စပ်အနီးတွင် တောမီးငြှိမ်းသတ်နေစဉ် မီးသတ်သမား ၃ ဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာ တနင်္ဂနွေနေ့တွင် အမေရိကန်အနောက်ဘက်ခြမ်း၌ အပူရှိန်ပြင်းထန်မှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် တောမီးများ ပိုမိုအရှိန်မြင့် လောင်ကျွမ်းလျက်ရှိသည်။
အမေရိကန် အမျိုးသားမိုးလေဝသဌာနက အရီဇိုးနား၊ ကိုလိုရာဒို၊ နယူးမက္ကဆီကိုနှင့် ယူတာပြည်နယ်တို့ ဆုံရာ (Four Corners) ဒေသအပါအဝင် အနောက်တောင်ပိုင်းတစ်ခွင်တွင် တောမီးလောင်ကျွမ်းနိုင်ခြေ အခြေအနေမှာ “စိုးရိမ်ရသည့်အဆင့်”၌ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယူတာ-ကိုလိုရာဒို နယ်စပ်တစ်လျှောက်တွင် တောမီးများ အရှိန်အဟုန်ဖြင့် ကူးစက်ပျံ့နှံ့နိုင်ပြီး “အလွန်ပြင်းထန်သော မီးအပြုအမူ”များ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
မီးသတ်သမားများသည် စနေနေ့က အရှိန်အဟုန်ဖြင့် ကူးစက်လာသော တောမီးများအကြား ပိတ်မိခဲ့ပြီးနောက် သေဆုံးခဲ့ရခြင်းဖြစ်ကာ အခြား ၂ ဦးလည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ မေဆာခရိုင် (Mesa County) အတွင်း တောမီးအရှိန်ပြင်းစွာ ကူးစက်ပြီး ထွက်ပြေးလွတ်မြောက်မည့် လမ်းကြောင်းများ အားလုံး ပိတ်ဆို့သွားချိန်တွင် ၎င်းတို့သည် အရေးပေါ်ကာကွယ်ရေး အမိုးအကာများကို အသုံးပြုခဲ့ကြရကြောင်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။


သေဆုံးသူများသည် အမေရိကန် တောရိုင်းမြေပြင် မီးသတ်ဦးစီးဌာန (U.S. Wildland Fire Service) နှင့် အမေရိကန် သစ်တောဦးစီးဌာန (U.S. Forest Service) တို့မှ ဝန်ထမ်းများဖြစ်ကြပြီး Knowles Canyon (နိုးလ်စ် လျှိုမြောင်) နှင့် Gore Canyon (ဂိုးလ် လျှိုမြောင်) တို့မှ စတင်လောင်ကျွမ်းကာ အခြားတောမီးများနှင့် ကူးစက်ပေါင်းစည်းသွားပြီးနောက် ‘ဆနိုက်ဒါတောမီး’ (Snyder Fire) ဟု အမည်သစ်ပေးထားသည့် တောမီးကြီးကို ဝိုင်းဝန်းငြှိမ်းသတ်နေသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွင် ပါဝင်သူများဖြစ်သည်။ လက်ရှိအချိန်အထိ တောမီးလောင်ကျွမ်းမှု ဧရိယာမှာ စတုရန်းမိုင် ၄၄ မိုင်ခန့် (၁၁၄ စတုရန်းကီလိုမီတာ) ရှိနေပြီဖြစ်သည်။
အစိုးရပိုင်မြေပြင်များပေါ်ရှိ မီးသတ်လုပ်ငန်းများကို ပိုမိုသွက်လက်မြန်ဆန်စေရန် ယခုနှစ်ဆန်းပိုင်းကမှ ဖွဲ့စည်းခဲ့သည့် တောရိုင်းမြေပြင် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် သစ်တောဦးစီးဌာနနှင့်အတူ ထပ်တူဝမ်းနည်းပူဆွေးရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုများအတွက် အပြည့်အဝ ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသည့် မီးသတ်သမားများ၏ အမည်များကိုမူ မိသားစုဝင်များထံ အကြောင်းကြားပြီးမှသာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
မိုးလေဝသဌာန၏ အချက်အလက်များအရ မီးလောင်ရာဒေသ၏ အရှေ့ဘက်ရှိ ဂရင်းဂျန်းရှင်း (Grand Junction) မြို့တွင် စနေနေ့က အပူချိန်မှာ ၉၃ ဒီဂရီ ဖာရင်ဟိုက် (၃၄ ဒီဂရီ ဆဲလ်စီးယပ်စ်) အထိ ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၄၄ မိုင် (၇၁ ကီလိုမီတာ) အထိ ရှိခဲ့သည်။
မေဆာခရိုင် ရဲအရာရှိရုံးက မီးဘေးသင့်နိုင်သည့် လမ်းကြောင်းပေါ်ရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်နှင့် မြေပြင် စိုစွတ်နေစေရန် စိုက်ပျိုးရေးရေပေးဝေမှုစနစ်များကို ဖွင့်ထားကြရန် တောင်းဆိုထားသည်။ ဖက်ဒရယ် မြေယာစီမံခန့်ခွဲမှုဗျူရိုကလည်း ၎င်းတို့စီမံခန့်ခွဲသည့် အနီးနားရှိ အစိုးရပိုင်မြေပြင်များသို့ ပြည်သူများ ဝင်ရောက်ခွင့်ကို စနေနေ့က ပိတ်ပင်ခဲ့သည်။
တနင်္ဂနွေနေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မီးခိုးလုံးကြီးများသည် ချုံပုတ်များနှင့် ကုန်းပြင်မြင့်နီများရှိရာ လူသူကင်းမဲ့သော ဒေသတစ်လျှောက်သို့ လွင့်ပျံလျက်ရှိသည်။ ရက်ဆက်ဆိုသလို ပူပြင်းခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်သည့် ရာသီဥတုကြောင့် ကိုလိုရာဒို၊ ယူတာ၊ အရီဇိုးနားနှင့် အခြားဒေသများတွင် တောမီးများ ပိုမိုအားကောင်းလာပြီး မီးကူးစက်မှုအသစ်များလည်း ဒေသအနှံ့ ထွက်ပေါ်လာနေသည်။
အကြီးမားဆုံး တောမီးဖြစ်သည့် ‘ကတွန်ဝုဒ် တောမီး’ (Cottonwood Fire) သည် ယူတာပြည်နယ်အနောက်တောင်ပိုင်းရှိ ကြမ်းတမ်းသော မြေပြင်အနေအထားတွင် ထိန်းချုပ်မရအောင် လောင်ကျွမ်းလျက်ရှိသည်။ ၎င်းတောမီးသည် လျှိုမြောင်များနှင့် တောင်စောင်းများကို ဖြတ်သန်းကာ နှင်းလျှောစီးအပန်းဖြေစခန်းတစ်ခု၏ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် စတုရန်းမိုင် ၁၄၆ မိုင် (၃၇၈ စတုရန်းကီလိုမီတာ) ကျော်အထိ ကျယ်ပြန့်သွားခဲ့သည်။ မီးလောင်ရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
မီးသတ်သမားများသည် တောမီးလောင်စာဖြစ်စေမည့် ချုံပုတ်များနှင့် သစ်ပင်များကို ဘူဒိုဇာများဖြင့် ရှင်းလင်းကာ မျက်နှာစာအများအပြားမှ ဝိုင်းဝန်းငြှိမ်းသတ်နေကြသည်။
ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို ချက်ချင်းမသိရသေးသော်လည်း ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး စပင်ဆာကော့စ် (Spencer Cox) က မီးသတ်အဖွဲ့များ၏ စွမ်းဆောင်မှုအပေါ် “အံ့ဖွယ်ကောင်းသော တားဆီးကယ်ဆယ်မှုများ” ဟု ဆိုရှယ်မီဒီယာတွင် ချီးကျူးစကားဆိုထားသည်။


ယခုနှစ်တွင် ယူတာပြည်နယ်၌ စံချိန်တင် နှင်းကျဆင်းမှုနည်းပါးခဲ့ပြီး သမိုင်းတစ်လျှောက် အပူဆုံးဆောင်းရာသီကို ဖြတ်သန်းခဲ့ရသဖြင့် တောမီးအန္တရာယ်မှာ ပိုမိုမြင့်မားနေခြင်းဖြစ်သည်။ အမေရိကန်အနောက်ဘက်ခြမ်း အများစုသည်လည်း အလားတူအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားဌာနစုံတောမီးစင်တာ (NIFC) အရ သိရသည်။ ယူတာပြည်နယ်တစ်ခုတည်းတွင် တောမီး ၁၂ ခုခန့် လောင်ကျွမ်းနေပြီး တနင်္ဂနွေနေ့ ညနေပိုင်းအထိ တစ်ခုမျှ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
အမေရိကန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီ ၁ ရက်မှစတင်ကာ လက်ရှိအချိန်အထိ စတုရန်းမိုင် ၄,၆၈၈ မိုင် (၁၂,၁၄၂ စတုရန်းကီလိုမီတာ) ခန့် တောမီးလောင်ကျွမ်းခဲ့ပြီးဖြစ်ရာ ၎င်းပမာဏသည် လွန်ခဲ့သော ၁၀ နှစ်တာ ပျမ်းမျှပမာဏထက် ကျော်လွန်နေသည်။
သစ်တောဦးစီးဌာန၏ အချက်အလက်များအရ တနင်္ဂနွေနေ့က နီဗာဒါနှင့် အရီဇိုးနားပြည်နယ်တို့အပါအဝင် အနောက်တောင်ပိုင်း သဲကန္တာရဒေသများတွင် လုံးဝ (သို့မဟုတ်) အများစု ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် တောမီးများ ဆက်လက်လောင်ကျွမ်းနေပြီး စုစုပေါင်းဧရိယာ စတုရန်းမိုင် ၄၆၉ မိုင် (၁,၂၁၄ စတုရန်းကီလိုမီတာ) နီးပါး ရှိကြောင်း သိရသည်။
ယူတာပြည်နယ်အုပ်ချုပ်ရေးမှူး ကော့စ်သည် တောမီးအခြေအနေကြောင့် ပြီးခဲ့သည့်အပတ်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက်မတိုင်မီ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကို ပိတ်ပင်ခဲ့သည်။ ပြည်နယ်တာဝန်ရှိသူများက ယူတာတွင် တောမီးစတင်မှုများ ပိုမိုများပြားလာပြီး တောမီးတစ်ခုချင်းစီသည်လည်း ယခင်ကထက် ထူးခြားဆန်းပြားကာ မီးသတ်စွမ်းဆောင်ရည်များကို စိန်ခေါ်လျက်ရှိကြောင်း ပြောကြားသည်။
ကိုလိုရာဒိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာရက် ပူးလစ် (Jared Polis) ကလည်း စနေနေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တောမီးငြှိမ်းသတ်ရန်အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) ကို အသုံးပြုခွင့် ပေးခဲ့သည်။
ဂရင်းကင်ယွန် အမျိုးသားဥယျာဉ် (Grand Canyon National Park) ၏ တောင်ဘက်တွင် တောမီးအသစ်တစ်ခုသည် ဂရင်းကင်ယွန်ကျေးရွာနှင့် ဝေးရာသို့ ရွေ့လျားသွားခဲ့သော်လည်း မိုင် ၅၀ (ကီလိုမီတာ ၈၀) ခန့်အကွာရှိ အခြားတောမီးတစ်ခုကြောင့် ကိုကိုနီနိုခရိုင် (Coconino County) တာဝန်ရှိသူများက ကန်းဒရစ်တောင် (Kendrick Mountain) အနီးရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။
အရီဇိုးနားမြောက်ပိုင်း အစိတ်အပိုင်းအချို့တွင် တောမီးဘေးအန္တရာယ်ကို လျှော့ချနိုင်ရန် လျှပ်စစ်ဓာတ်အားလိုင်းများကို ဘေးကင်းလုံခြုံရေးအရ ဖြတ်တောက်ထားခဲ့ရသဖြင့် စနေနေ့က လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ တနင်္ဂနွေနေ့တွင်မူ ဂရင်းကင်ယွန် အမျိုးသားဥယျာဉ် အများစု၌ လျှပ်စစ်မီး ပြန်လည်ရရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမေရိကန်အနောက်ဘက်ခြမ်းတွင် တောမီးအန္တရာယ် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ လျှပ်စစ်မီးကြိုတင်ဖြတ်တောက်မှုများမှာ ပိုမိုခေတ်စားလာသည်။ ယင်းမှာ လေပြင်းတိုက်ခတ်မှုနှုန်း၊ မီးလောင်လွယ်သော အရာဝတ္ထုများနှင့် မြေမျက်နှာသွင်ပြင် အခြေအနေများကို တာဝန်ရှိသူများက တွက်ချက်ပြီးနောက် နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ် အသုံးပြုလေ့ရှိခြင်း ဖြစ်သည်။
Ref : AP
