၂၉.၆.၂၀၂၆
Written by Linn Eain
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ကို ဇွန် ၂၉ ရက်၊ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး နောက်တစ်ကြိမ်ကျင်းပမည့် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို အောက်တိုဘာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ဇွန် ၉ ရက်မှ ဇွန် ၂၉ ရက်ထိ ကြားကာလအတွင်း ၉ ရက်ကျင်းပခဲ့ပြီး အစည်းအဝေးကျင်းပစဉ်တွင် စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း ၈၂ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၈၂ ခုကို တိုင်းဒေသကြီးလွှတ်ဝောာ်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၈၂ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၈၂ ခုတို့ကို ပြည်သူများ၏ ကိုယ်စား မေးမြန်းခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး Smart City စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် Star Rating System စနစ် သတ်မှတ်၍ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်အဆိုကို ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးက ပြည့်ပြည့်စုံစုံ ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ကိုယ်စားလှယ်က တင်သွင်းလာသော အဆိုအား လွှတ်တော်က မှတ်တမ်းအဖြစ် မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြခဲ့တဲ့အတွက် လွှတ်တော်က မှတ်တမ်းအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် နောက်ဆုံးနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပနေစဉ်ကာလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် သွားရောက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆိုကို လွှတ်တော်၌ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၈ (န) အရ နိုင်ငံတော်သမ္မတကြီးထံ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သဝဏ်လွှာပေးပို့ တင်ပြနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်အဖွဲ့အစည်းဖြစ်သည့် လွှတ်တော်နှင့် လွှတ်တော်ကော်မတီများဆိုတဲ့ ကော်မတီများကို ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် အကူအညီများ ပေးနိုင်ရန်အတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့နှင့် လူမှုရေးရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ကို လူမှုရေးရာလုပ်ငန်းများဖွဲ့စည်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများအား အသိအမှတ်ပြု၊ ဂုဏ်ပြု၊ ချီးမြှင့်နိုင်ရန်နှင့် တိုင်းဒေသကြီးအတွက် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာဆောင်ရွက်မည့်သူများ ပိုမိုပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် သက်ဆိုင်ရာကဏ္ဍသီးသီးတွင် ကိုယ်ကျိုးစွန့်လွှတ်၊ သက်စွန့်ကြိုးပမ်း ကူညီဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အသင်းနှင့် အဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန်ဆို ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီက လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့ကြောင်းလည်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားခဲ့သည်။
“တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်တို့လွှတ်တော်အတွက် ဂုဏ်ယူဖွယ်ရာ ဥပဒေတစ်ခုကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ မိမိတို့လွှတ်တော်အနေဖြင့် ဒုတိယပုံမှန်အစည်းအဝေးရဲ့ ဂုဏ်ယူဖွယ် အောင်မြင်မှုတစ်ခုလို့ မှတ်ယူရမှာ ဖြစ်ပါတယ်” ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် နောင်ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင်လည်း နိုင်ငံတော်အကျိုး၊ တိုင်းဒေသကြီးနှင့် ပြည်သူများအကျိုးအတွက် မိမိတို့ မဲဆန္ဒနယ်မြေ ပြည်သူများ၏ ဆန္ဒများနှင့်အညီ မေးခွန်းများ၊ အဆိုများ တင်သွင်းခြင်း၊ ဥပဒေကြမ်းများအား လွှတ်တော်သို့ တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် လွှတ်တော်ကိုယ်စားလှယ်များကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပန်ကြားခဲ့သည်။
“လွှတ်တော်ရပ်နားထားစဉ် ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေများကို အရောက်သွားပြီး ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး အတွေ့အကြုံများ၊ တိုင်းဒေသကြီးအစိုးရမှ ပြည်သူများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုများအား မဲဆန္ဒရှင်ပြည်သူများသို့ လွှတ်တော်အတွေ့အကြုံများအဖြစ် ရှင်းလင်းဆောင်ရွက်ကြစေလိုပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ထပ်မံတင်ပြချက်၊ လိုလားချက်နှင့် ဆန္ဒများကိုလည်းပဲ မှတ်သားထားရှိပြီး နောင်ဆက်လက်ကျင်းပမည့် အစည်းအဝေးမှာ မေးခွန်းများ၊ အဆိုများအဖြစ် တင်သွင်းစေလိုပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
