သတိုး
၂၉. ၆. ၂၀၂၆
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်သို့ ဆိုက်ရောက်လာသည့် ထိုင်းအမျိုးသားလေကြောင်းလိုင်း (Thai Airways) မှ လေယာဉ်မယ်အမျိုးသမီးတစ်ဦးကို ဩစတြေးလျ နယ်စပ်စောင့်တပ်ဖွဲ့ (ABF) အရာရှိများက အိတ်စ်ရေး (X-ray) ရိုက်ကူးစစ်ဆေးရာတွင် ၎င်း၏ လက်ဆွဲအိတ်များအတွင်း ဝှက်သယ်လာသည့် ဘတ် ၁၁ သန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော်ကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါ လေယာဉ်မယ်အား ဖမ်းဆီးလိုက်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အဆိုပါလေယာဉ်မယ်အမျိုးသမီးသည် ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) က ဘန်ကောက်မှ ပျံသန်းလာသည့် ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်ခရီးစဉ်အမှတ် TG 465 ဖြင့် မဲလ်ဘုန်းလေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်း၏ခရီးဆောင်အိတ်များကို ပုံမှန်စစ်ဆေးစဉ် နယ်စပ်စောင့်တပ်ဖွဲ့၏ သံသယဖြစ်ဖွယ် သတိပြုမိခြင်းကို ခံခဲ့ရပြီးနောက်၊ လေ့ကျင့်ထားသည့် မူးယစ်ဆေးဝါးရှာဖွေရေးခွေး (Sniffer Dog) ကပါ အိတ်များအတွင်း မူးယစ်ဆေးဝါးရှိနေကြောင်း အချက်ပြခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က သတင်းထုတ်ပြန်သည်။

၎င်းသယ်ဆောင်လာသည့် လက်ဆွဲအိတ် (Tote Bags) ၁၂ အိတ်စလုံးကို အသေးစိတ် ထပ်မံစစ်ဆေးရာတွင် အိတ်အတွင်းပိုင်းအလွှာ၌ ဝှက်ထားသော အဖြူရောင်အမှုန့်များကို တွေ့ရှိခဲ့ရပြီး၊ ပဏာမစစ်ဆေးချက်များအရ အဆိုပါအမှုန့်များသည် စုစုပေါင်းအလေးချိန် ၁ ကီလိုဂရမ်ကျော်ရှိသည့် ဘိန်းဖြူများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါဘိန်းဖြူများ၏ ဈေးကွက်ပေါက်ဈေး တန်ဖိုးမှာ ဩစတြေးလျဒေါ်လာ ၅၀၀,၀၀၀ (ထိုင်းဘတ်ငွေ ၁၁ ဒသမ ၅ သန်းကျော်) ရှိမည်ဟု ခန့်မှန်းထားသည်။
ထိုင်းလေကြောင်းလိုင်း (Thai Airways) ၏ အမှုဆောင်အရာရှိချုပ် (CEO) ချိုင်အီယမ်ဆီရီ (Chai Eamsiri) က ဇွန်လ ၂၉ ရက်နေ့တွင် ယင်းဖြစ်စဉ်ကို အတည်ပြုပြောကြားခဲ့ပြီး၊ အဆိုပါဝန်ထမ်းအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း မဲလ်ဘုန်းအခြေစိုက် လေဆိပ်တာဝန်ရှိသူများက ဇွန်လ ၂၅ ရက်ကတည်းက ပထမဆုံး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လက်ရှိတွင် လေကြောင်းလိုင်းအနေဖြင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကာ အကယ်၍ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား ခိုင်လုံပါက ၎င်းအား အလုပ်မှချက်ချင်း ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဩစတြေးလျရဲတပ်ဖွဲ့ကမူ ဖမ်းဆီးခံရသူ၏ အမည်ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
တရားခံအမျိုးသမီးသည် မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှုနှင့် လက်ဝယ်ထားရှိမှု စသည့် စွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခြင်းခံရမည် ဖြစ်သည်။ ဩစတြေးလျ ရာဇဝတ်မှုဆိုင်ရာဥပဒေအရ စွဲချက်တစ်ခုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၂၅ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သည့်အပြင်၊ ဩစတြေးလျဒေါ်လာ ၈၂၅,၀၀၀ (ထိုင်းဘတ်ငွေ ၁၉ သန်းနီးပါး) အထိ ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။ အဆိုပါအမျိုးသမီးကို တရားရုံးက ဆက်လက်ချုပ်နှောင်ထားရန် အမိန့်ပေးခဲ့ပြီး၊ လာမည့် စက်တင်ဘာ ၁၄ ရက်တွင် မဲလ်ဘုန်းတရားရုံး (Melbourne Magistrates Court) ၌ ထပ်မံရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်။

နယ်စပ်စောင့်တပ်ဖွဲ့ (ABF) မှ တပ်မှူး ကလင့်ဆင်မ်စ် (Clint Sims) က မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများသည် ဩစတြေးလျနိုင်ငံအတွင်းသို့ တရားမဝင်မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းယူရန်အတွက် လေကြောင်းလိုင်းဝန်ထမ်းများကဲ့သို့သော အတွင်းလူများကို ယုံကြည်စိတ်ချရသည့် လမ်းကြောင်းအဖြစ် အသုံးချရန် အစဉ်တစိုက် ကြိုးပမ်းနေကြကြောင်းနှင့် “ဩစတြေးလျနိုင်ငံထဲကို တရားမဝင်မူးယစ်ဆေးဝါး တင်သွင်းဖို့ ကြိုးစားသူဟာ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုရာထူးပဲရှိရှိ ဥပဒေရဲ့ အပြင်းထန်ဆုံး အရေးယူမှုကို ရင်ဆိုင်ရမှာပါ” ဟု သတိပေးပြောကြားခဲ့သည်။
ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ၏ ယာယီတပ်မှူး ဆီမွန်ဘတ်ချာ (Simone Butcher) ကလည်း ရဲတပ်ဖွဲ့အနေဖြင့် မိမိတို့၏ အလုပ်အကိုင် သို့မဟုတ် လူမှုစီးပွားအဆင့်အတန်းကို အသုံးချကာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ကူညီပံ့ပိုးပေးနေသည့် တစ်ဦးချင်းစီကို ပစ်မှတ်ထားကာ အထူးအာရုံစိုက် နှိမ်နင်းနေပြီး၊ အလားတူ မှောင်ခိုလုပ်ငန်းများကို ဖြိုခွဲရန် မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းအမျိုးသားလေကြောင်းလိုင်း (Thai Airways – TG) သည် ယခင်က နိုင်ငံပိုင်လုပ်ငန်း ဖြစ်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မေလတွင် ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ရှယ်ယာအချို့ကို လွှဲပြောင်းရောင်းချခဲ့ရာ ရှယ်ယာပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းအောက် (၄၇ ဒသမ ၈၆ ရာခိုင်နှုန်းခန့်) သို့ လျော့ကျသွားခဲ့သဖြင့် ဥပဒေအရ အစိုးရပိုင်/နိုင်ငံပိုင်အဆင့်မှ ရပ်စဲခဲ့ပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အဓိက အလံစိုက် အမျိုးသားလေကြောင်းလိုင်း (National Flag Carrier) အဖြစ်မူ ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။
Ref ; Bangkok Post / KhaoSod / Sky News / Thaiger
