

နေမိုး
၂၉. ၆. ၂၀၂၆
“ဝ” လက်နက်ကိုင် UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ အသက် (၈၀) ကျော်အရွယ်အမေအိုနဲ့ စကားများရန်ဖြစ် ရိုက်နှက်ပြီး လူသတ်မှုကျူးလွန်တဲ့ သားဖြစ်သူကို “ဝ” တရားစီရင်ရေး ဌာနက သေဒဏ်စီရင်ခဲ့တယ်လို့ Wa News Land – WNL က ဖော်ပြပါတယ်။
ကျူးလွန်သူက အသက် (၄၀) ကျော်အရွယ် Ping suang ling လို့အမည်ရပြီး တရုတ် – ကိုးကန့်လူမျိုး ဖြစ်ပြီး ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက “ဖြစ်သွားတာက ၃ – ၄ လလောက်ရှိပြီ။ မနေ့ကမှ သေဒဏ်စီရင်လိုက်တာ။ သူ့အမေနဲ့ ပိုက်ဆံကိစ္စစကားများကြတာ။ အမေဖြစ်သူက လေဖြတ်နေတာ။ သားက အရက်သောက်ထားတယ်။ မြေကွက်ရောင်းရတဲ့ပိုက်ဆံကို သူ့ဆီမပေးလို့ဆိုပြီး ကုတင်ပေါ်ကနေဆွဲချပြီးရိုက်တာ။ အမေဖြစ်သူက အသက်ကြီးတော့ ခံနိုင်ရည်ဘယ်ရှိတော့မလဲ။ ဆေးရုံရောက်မှ အသက်ထွက်သွားတာ”လို့ ကျူးလွန်မှုဖြစ်စဥ်ကို WNL က ဖော်ပြထားပါတယ်။
မိခင်ဖြစ်သူကို ရည်ရွယ်ချက် ရှိရှိရိုက်နှက်ကာ လူသေစေတဲ့ထိ ကျူးလွန်ခဲ့တာကြောင့် “ဝ” ပြည်နယ် တရားဥအဒေအရ လူသတ်မှုမြောက်တာကြောင့် သေဒဏ်ချမှတ်တာဖြစ်တယ်လို့ WNL က ဖော်ပြပါတယ်။
News & Photo WNL & Local
