၂၉.၆.၂၀၂၆
Written by KL
ပျောက်ဆုံးနေသော အမျိုးသမီးကြီးတစ်ဦးကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ ထန်းတပင်ရေကန်ထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၅၉ နှစ် အရွယ် ဒေါ်ခင်အေးမော်(ခ)မမော်ဖြစ်ပြီး ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အင်းဝင်(၄)လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။


အမျိုးသမီးကြီးမှာ နေအိမ်မှ အင်းဝင်စျေးဘက်သို့ ယခုလနောက်ဆုံးအပတ်အစက လမ်းလျှောက်ထွက်သွားရာမှ အိမ်သို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ဒေါ်ခင်အေးမော်၏ ရေနစ်သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ကလျာဏမိတ္တ ( စုပေါင်း – အခမဲ့ )နာမှုနှင့် လူမှုကူညီရေးအသင်းကြီးမှ အသင်းဝင်များက ဆယ်ယူ၍ ပဲခူးပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြသည်။
သေဆုံးသူအမျိုးသမီးကြီးကို ညီညွတ်ခြင်းလူမှုကူညီရေးအသင်းနှင့် ကလျာဏမိတ္တ (စုပေါင်း – အခမဲ့) နာမှုနှင့် လူမှု ကူညီရေး အသင်းကြီးတို့ စုပေါင်းကာ ဆင်ဖြူကွင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။


