နေမိုး
၂၉. ၆. ၂၀၂၆
တပ်မတော်အတွက် ရိက္ခာထောက်ပို့နေသူကို အမြန်လမ်းပေါ် PDF တွေ ဖမ်းဆီးပြီး သိန်း ၅၀၀၀ ပြန်ပေးဆွဲငွေတောင်းခံနေပြီး မပေးနိုင်ရင် သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။
ဒီရုပ်သံမှာ PDF တွေဟာ အမြန်လမ်းပေါ် ကိုယ်ပိုင်ယာဥ်တစ်စီးကို တားဆီးပြီး စစ်မေးရာမှာ မန္တလေးကနေ ရန်ကုန်သွားမယ်လို့ ဖြေနေတာ တွေ့ရသလို ပိုက်ဆံအိတ်ကို ယူစစ်ရာမှာ တပ်မတော်တံဆိပ်တုံးတွေမြင်တာကြောင့် လမ်းပေါ်ဆင်း ဒူးထောက်ခိုင်းပြီး မေးရာမှာ ဖမ်းဆီးခံရသူက သူဟာ သိန်းဇော်ဦးဖြစ်ကြောင်း၊ သူဟာ တပ်မတော်သားမဟုတ်ဘဲ တပ်ကို ဆန်သွင်းသူဖြစ်ကြောင်း ငြင်းဆန် ဖြေဆိုနေတာလည်း မြင်ရပါတယ်။ အဲဒီနောက်ဖမ်းဆီးခံရသူကို ဖမ်းဆီးထိပ်တုံးခတ်ထားပြီး သိန်း ၅၀၀၀ တောင်းခံနေသလို သိန်း ၅၀၀၀ မပေးနိုင်ရင်လည်း သတ်မယ်လို့ ခြိမ်းခြောက်နေတာ တွေ့ရပါတယ်။
အမြန်လမ်းပေါ်မှာ မကြာခဏတက်ရောက်ပြီး ခရီးသွားပြည်သူတွေကို ဒုက္ခပေးနေတာဟာ နွားထိုးကြီး PDF အဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၄) နဲ့ တပ်ရင်း (၁၀) ဖြစ်ပြီး ဒီအဖွဲ့တွေဟာ အမြန်လမ်းပေါ်မှာ ဆယ်ကြိမ်ထက်မနည်း ပြည်သူကို စစ်ဆေးမှုတွေ၊ တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိမှာတော့ ဦးသိန်းဇော်ဦးဆိုသူကို ဖမ်းဆီးပြီးမှ သိန်း ၅၀၀၀ ပြန်ပေးဆွဲငွေတောင်းတာကို NUG ဩဇာခံ ဘယ် PDF အဖွဲ့ ကျူးလွန်တယ်ဆိုတာ ဝန်ခံချက် ထွက်မလာသေးပါဘူး။
ဒီသတင်းနဲ့ပတ်သက်ပြီး ပြည်ပရောက် Exile Media တစ်ခုဖြစ်တဲ့ ခေတ်သစ်မှာ ဦးသိန်းဇော်ဦးဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) လက်အောက်ရှိ ထောက်ပို့တပ်ရင်း (၁၂၁) အတွက် ရိက္ခာဆန်တင်သွင်းပေးနေသူ အငြိမ်းစားဗိုလ်တစ်ဦးဖြစ်ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့ ညပိုင်းက မန္တလေး- နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၀ မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း၊ ဦးသိန်းဇော်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်နီလာအောင်ထံ PDF တွေက ဦးသိန်းဇော်ဦးကို သိန်း ၅၀၀၀ နဲ့ ရွေးဖို့ အကြောင်းကြားထားပြီဖြစ်ကြောင်း စွပ်စွဲဖော်ပြထားသလို MT News အနေနဲ့ ဒီစွပ်စွဲဖော်ပြမှုတွေကို ဆက်လက်စုံစမ်းနေပါတယ်။
