၂၉.၆.၂၀၂၆
Translated by Htwe Ko Tun
ဥရောပနိုင်ငံများတွင် ဇွန်လ ၂၁ ရက်ခန့်မှစ၍ အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခဲ့ရာ အပူချိန်မှာ စံချိန်တင်အောင် မြင့်တက်လာခဲ့ပြီး ဥရောပတိုက်တစ်ဝန်း အပူလှိုင်းကြောင့် သေဆုံးသူ ၁,၃၀၀ ကျော်အထိရှိသွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇွန်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အပူလှိုင်းကြောင့် သေဆုံးရသူများအနက် ပြင်သစ်နိုင်ငံတွင် အများဆုံးဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ဦးရေ ၁,၀၀၀ ထက် ပိုများကြောင်းလည်း သတင်းများအရ သိရသည်။ ဂျာမနီနိုင်ငံတွင်လည်း အပူလွန်ကဲမှုကြောင့် မြစ်ချောင်းများတွင် ရေဆင်းကူးကြရာမှ ရေနစ်သေဆုံးသူ အနည်းဆုံး ခုနစ်ဦးရှိကြောင်းလည်း သိရသည်။ ဂျာမနီ၌ အပူလွန်ကဲမှုကြောင့် အချို့သောမြို့များတွင် ကတ္တရာလမ်းများပင် အရည်ပျော်သည်အထိ ဖြစ်ခဲ့ရသည်။
ဥရောပတိုက်သည် အပူလှိုင်းဒဏ်ကို ဆက်လက်ခံစားနေရသောကြောင့် ပိုလန်နှင့် ချက်သမ္မတနိုင်ငံ နှစ်နိုင်ငံစလုံးတွင်လည်း ဇွန်လ ၁၈ ရက်၌ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်သို့ စံချိန်တင် ရောက်ရှိခဲ့သည်။ ချက်နိုင်ငံ မြို့တော် ပရာ့ဂ်မှ မြောက်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာတွင် တည်ရှိသော ဒုတ်ဆာနီရွာတွင် အပူချိန် ၄၁ ဒသမ ၉ ဒီဂရီစင်တီဂရိတ် (၁၀၇ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) ရှိကြောင်း ချက်မိုးလေဝသဌာန CHMI ၏ အဆိုအရ သိရသည်။
တစ်ချိန်တည်းမှာပင် အိမ်နီးချင်းပိုလန်နိုင်ငံတွင်လည်း ပိုလန်၏အနောက်ပိုင်း ဂျာမနီနိုင်ငံနှင့်နယ်စပ်တွင် တည်ရှိသည့် ဆလူးဘစ် (Slubice) မြို့တွင် ဇွန်လ ၂၈ ရက်၌ အပူချိန် ၄၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာကြောင်းလည်း သိရသည်။
အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်ရှိခြင်းသည် အလယ်နှင့်အရှေ့ဥရောပရှိ နိုင်ငံများအတွက် ပုံမှန်မဟုတ်သော အပူချိန်များဖြစ်သည်။ လက်ရှိတွင် အနည်းဆုံး ဥရောပပြည်သူ ၁၉၁ သန်းခန့်မှာ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် အထက်တွင် အပူလှိုင်း၏ဒဏ်ခံနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောခဲ့သည်။
အနောက်ဥရောပပေါ်ရှိ လက်ရှိ အပူလှိုင်းသည် ဗဟိုဥရောပနှင့် ဘော်လကန်ဒေသများသို့ ရွေ့လျားသွားမည်ဟု ခန့်မှန်းရသည်။
Ref- DW News




