သက်တံ့
၂၈. ၆. ၂၀၂၆
MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ရှုမြင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့(World MSME Day)အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောစဥ် ထည့်သွင်းပြောကြားသည်။
MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှု စသည့် လုပ်ငန်းများ အားလုံးပါဝင်နေသောကြောင့် MSME စီးပွားရေးလုပ်ငန်းများကိုအားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်နှင့် မိမိတို့နိုင်ငံ၏ အခြေခံကျောရိုးဖြစ်သည့် MSMEကဏ္ဍကိုအရှိန်အဟုန်မြှင့်အားပေးဆောင်ရွက်ရန်အတွက် “စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ကို မိမိတို့အစိုးရသစ်တွင် စတင်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME ကဏ္ဍကို စနစ်တကျဖြင့် ပြောင်မြောက်စွာ တိုးတက်စေချင်သည့် နိုင်ငံတော်၏
မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် သန္နိဋ္ဌာန်ကို ပြသခြင်းပင် ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယင်းရည်မှန်းချက်များနှင့်အညီ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့်ပြည်တွင်း MSME များကို ဘက်ပေါင်းစုံမှအားပေးမြှင့်တင်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ယနေ့အခမ်းအနားတွင် World MSME Day ကျင်းပရခြင်း၏ အနှစ်သာရကို လေးနက်စွာ ဖော်ပြနိုင်ရေးရည်ရွယ်ပြီး MSME ထုတ်ကုန်ပြခန်းများ၊ MSME ဖွံ့ဖြိုးရေး ဆောင်ရွက်မှုပြခန်းများ၊ အသင်းအဖွဲ့များ၏ MSME ဖွံ့ဖြိုးရေး အထောက်အကူပြု ပြခန်းများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်MSME ဖွံ့ဖြိုး ရေးဆိုင်ရာ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင် နှုန်းခန့်သည် MSME များဖြစ်ပြီး အလုပ်အကိုင် ဖန်တီးပေးမှုအပိုင်း၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် GDP ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏အချက်အလက်များအရ လေ့လာသိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်း များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများ ဖြစ်နေပြီးအလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်း ခန့်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီးအားလုံးက ဝိုင်းဝန်းပါဝင်ဆောင် ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။




ယင်းနေရာတွင် အလေးအနက်မှာကြားလိုသည်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍ အဆင်ပြေချောမွေ့ပြီး MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အပြန် အလှန်ချိတ်ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် ကုန်ကြမ်း၊သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစား လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းလုပ်ကိုင်ရာတွင်လည်းစိန်ခေါ်မှုများစွာရှိကြောင်း၊အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကများအနေဖြင့် တစ်ဦး ချင်းလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း၊ အဆိုပါအခက်အခဲများကိုကျော်လွှား နိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ သမဝါယမ ပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ကုန်ကြမ်းအနေဖြင့် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ် သောကြောင့် ပြည်တွင်း၌အလွယ်တကူရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အပြည့်အဝအသုံးချကြရမည်ဖြစ်ကြောင်း၊ ပြည်ပကုန်ကြမ်းများကို မှီခိုနေမည့် အစား ပြည်တွင်းထွက်သီးနှံများ၊ သစ်တောထွက်ပစ္စည်းများ၊ မွေးမြူရေးထွက်ကုန်များ ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်မီး၊ မြေသြဇာနှင့် ကုန်ထုတ်လုပ်မှု
စက်ကိရိယာအစိတ်အပိုင်းများကိုလည်း သင့်တော်သည့်နည်းလမ်းများဖြင့်တီထွင်ကြံဆပြီး လုပ်ဆောင်ကြရန်လိုကြောင်း၊အထူးသဖြင့် ကုန်ထုတ်လုပ်မှုစရိတ်စကများကို ဖြစ်နိုင်သမျှ လျှော့ချပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားကို ပိုမိုတိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများကို ဖြည့်ဆည်းပေးနိုင်ရေးကိုလည်းသက်ဆိုင်ရာဝန်ကြီး ဌာနများက အထူးအလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့အပြင် လေ့လာတွေ့ရှိချက်များအရ MSME လုပ်ငန်းရှင်များအတွက်ငွေကြေးအရင်းအနှီး လိုအပ်ချက်များရှိနေကြောင်း သိရှိရသည့်အတွက် နိုင်ငံတော်မှ MSME ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေထူထောင်ပေးပြီး ချေးငွေများ ထုတ်ပေးနေသကဲ့သို့ လုပ်ငန်းရှင် အစစ်အမှန်များထံသို့ ချေးငွေများ ထိရောက်မြန်ဆန်စွာရောက်ရှိစေရေးသက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ကူညီပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အခြေခံအဆောက်အအုံများ၊ သွင်းအားစုများ၊ ငွေကြေးများ မည်မျှပင်ပြည့်စုံ ကောင်းမွန်နေသည်ဖြစ်စေ စနစ်တကျ လုပ်ကိုင်တတ်သည့် ကျွမ်းကျင်လုပ်သားများ မရှိပါက အောင်မြင်မှုနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံခန့်ခွဲမှု စွမ်းရည်များ၊ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရေး စွမ်းရည်မြှင့် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးကြရမည်ဖြစ်ကြောင်း၊အနာဂတ် မျိုးဆက်သစ် MSME များကို နယ်ပယ်စုံ၌ အချိုးကျကျ ပြည့်စုံအောင် မိမိတို့ ကျရာ ကဏ္ဍမှ ကွင်းဆက်မပြတ် ပံ့ပိုးကူညီပေးကြရန်လိုအပ်ကြောင်း၊သို့မှသာ MSME လုပ်ငန်းများသည် ဒေသတွင်း ဖူလုံရုံမျှမက ပြည်ပဈေးကွက်အထိကိုပါ ထိုးဖောက်နိုင် သည့် အရည်အသွေးမြင့်လုပ်ငန်းများဖြစ်လာမည်ဖြစ်ကြောင်းကိုအလေးအနက် ပြော ကြားလိုကြောင်း၊ မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး လုပ်ကိုင်နေကြသည် နိုင်ငံဖြစ်သောကြောင့်ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက်အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံဒေသ ထွက်ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊သာမန်လုပ်ရိုးလုပ်စဉ်စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို မူလကုန်ကြမ်းအခြေအနေအတိုင်း ရောင်းချမှုအဆင့်မှ ခေတ်မီ နည်းပညာများအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ ပြည်ပမှတင်သွင်းနေရသည့်စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကိုကြည့်ပါက အများစုသည် မိမိတို့နိုင်ငံ၌လည်း ထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကိုအခြေခံထားသည်ကိုတွေ့ရကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့်ကုန်ကြမ်းများကို အပြည့်အဝအသုံးချပြီးအရည်အသွေးမီ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပမှ ကုန်ချောတင်သွင်းနေရမှုကို လျှော့ချနိုင်မည့်အပြင် သွင်းကုန်အစားထိုးခြင်းကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် မိမိတို့ဒေသအလိုက် အဓိကထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်ကြမ်း များစဉ်ဆက်မပြတ် ကွင်းဆက်မိမိ လုပ်ဆောင်နိုင်စေရေး၊ အရည်အသွေးနှင့်စံချိန် စံညွှန်းများ ပြည့်မီစေရေးအတွက် အထူးအလေးထားပြီး ကူညီပံ့ပိုးတွန်းအားပေး ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့၏မျှော်မှန်းချက်သည် Agro-based Industry ထူထောင်နိုင်ရေးဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသက်သက်ဖြင့်ဖွံ့ဖြိုးတိုးတက်ရန်မလွယ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်ရှိပြီးဖြစ်သည့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော ကုန်ထုတ်လုပ်မှု မှနေ၍စက်မှုလုပ်ငန်းများကို MSME နှင့် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဥမာအားဖြင့် ဝါး ကိုအခြေခံပြီး စက္ကူ၊ ပျော့ဖတ်၊ အထည်နှင့် အသုံးအဆောင်ပစ္စည်း၊ ရာဘာကို အခြေခံသည့် အလုံးစုံသော သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းများသည် Agro-based Industry များအချို့သာဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်တွင်း MSME များသည် ကမ္ဘာ့ MSME များနည်းတူ ငွေကြေးအရင်းအနှီး၌အခက်အခဲများရှိနေခြင်း၊နည်းပညာနောက်ကျနေခြင်း၊ဈေးကွက် ဝင်ရောက်နိုင်မှု အားနည်းခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ထောက်ပံ့ဖြည့် ဆည်းမှု ကွင်းဆက် (Supply Chain) အားနည်းခြင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကြုံတွေ့နေရခြင်း စသည့်စိန်ခေါ်မှုများကို ရင်ဆိုင် နေကြရဆဲ ဖြစ်ကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိအောင် ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း၊ ဒေသန္တရအစိုးရအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက် များအနေဖြင့် လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းသေချာစွာရရှိစေရေး၊ငွေကြေးအရင်း အနှီး လွယ်ကူစေရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများရရှိနိုင်ရေးအတွက် ခိုင်မာသည့် ဝန်းကျင်ကောင်းတစ်ခုကို ဝိုင်းဝန်းတည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်သူများ၊ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်သူများမှ အစပြု၍ ဝန်ဆောင်မှုပေးနေသူများအထိ MSME လုပ်ငန်းရှင်အားလုံးသည် ယင်းစီးပွားရေး စိန်ခေါ်မှုများကြားမှကြံ့ကြံ့ခံပြီး အလုပ်အကိုင်များ ဖန်တီးပေးနေသည်ကို တွေ့ရသည့်အတွက် အလေးအနက် အသိအမှတ်ပြုကြောင်း၊MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို သာမန်အဆင့်မှ လုပ်ငန်းကြီးများအဆင့်အထိ ရောက်ရှိအောင် ပိုမိုကြီးထွားကျယ်ပြန့်လာအောင် ရည်မှန်းလုပ်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ပြီးသွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန်ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို ဦးတည်လုပ်ကိုင်ခြင်းအားဖြင့်အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးကာ ခိုင်မာတောင့်တင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင်ဒေသတစ်ခုနှင့် တစ်ခု ရာသီဥတု၊ မြေဆီလွှာနှင့် ထွက်ရှိသည့် သဘာဝသယံဇာတချင်း မတူညီသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုချင်းစီ၌လည်း အားသာချက်ကိုယ်စီရှိ နေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ရှိသည့် MSME များကို ထိထိ ရောက်ရောက် တိုးတက်စေလိုပါက “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)” စနစ်ကို အားစိုက် ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
