၂၉.၆.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းရှိ ရက်စ်တန်နူရာဒေသတွင် ဆော်ဒီရေနံကုမ္ပဏီကြီး Aramco ပိုင်ဆိုင်သော ရဟတ်ယာဉ်တစ်စီးသည် ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ ဆော်ဒီနိုင်ငံသား ၁၄ ဦးစလုံး သေဆုံးခဲ့ရကြောင်း ဆော်ဒီအာရေဗျ၏ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။
Aramco ကုမ္ပဏီ ပိုင်ဆိုင်သော ရဟတ်ယာဉ်သည် ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းတွင် ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်ရှိ ရက်စ်တန်နူရာတွင် ပျက်ကျခဲ့ကြောင်း သိရသော်လည်း ပျက်ကျရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အမေရိကန်-အီရန်စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများကြောင့် လပေါင်းများစွာ လုပ်ငန်းလည်ပတ်မှုမရှိဖြစ်နေခဲ့ရပြီးနောက် အီရန်နှင့် အမေရိကန်အကြား ခိုင်မာမှုမရှိသေးသော ကနဦးသဘော တူညီချက်ကို အခွင့်ကောင်းယူကာ ကုမ္ပဏီသည် ဇွန်လ ၂၆ ရက်တွင် ရက်စ်တန်နူရာ၌ ရေနံတင်သင်္ဘောများက ရေနံများ ပြန်လည်တင်ဆောင်ခဲ့သည်။
“ရဟတ်ယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းများကို ဆုံးဖြတ်ရန် သက်ဆိုင်ရာအာဏာပိုင်များ ပါဝင်ပတ်သက်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်” ဟု ဆော်ဒီသတင်းဌာနက စွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ရဟတ်ယာဉ်ပေါ်ပါလူ ၁၄ ဦးစလုံးသည် ဆော်ဒီနိုင်ငံသားများဖြစ်ပြီး ပျက်ကျမှုတွင် မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျမှုက ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီ Aramco ၏ အစုရှယ်ယာအများစုကို ဆော်ဒီအာရေဗျက ပိုင်ဆိုင်ထားကြောင်း သိရသည်။
Ref- DW News
