သက်တံ့
၂၉. ၆. ၂၀၂၆
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ရှိ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတစ်ခုပေါ်မှ ပြုတ်ကျခဲ့သည့် အသက် ၄၀ ကျော်အရွယ် မြန်မာအမျိုးသားတစ်ဦးသည် အဆောက်အအုံအပြင်ဘက်နံရံတွင် တပ်ဆင်ထားသော အဲကွန်းအပြင်ဘက်စက် (Compressor) ကို ဖမ်းကိုင်ထားနိုင်ခဲ့သဖြင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။
အင်ချွန်း ဘူဖျောင်း (Incheon Bupyeong) ရဲစခန်းနှင့် အင်ချွန်း မီးသတ်ဌာနတို့၏ ပြောကြားချက်အရ (ဇွန်လ ၂၈ ရက်) တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ဘူဖျောင်းဂူ၊ ဘူဖျောင်းဒေါင်ရှိ ၆ ထပ်ပါ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတစ်ခု၏ ၅ ထပ်မြောက် အဲကွန်းအပြင်ဘက်စက်တွင် အမျိုးသားတစ်ဦး တွဲလောင်းခိုနေကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ သတင်းပေးပို့တိုင်ကြားချက် ရရှိခဲ့သည်။
သတင်းရရချင်း ရောက်ရှိလာသော ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများသည် အဆောက်အအုံအောက်ခြေ မြေပြင်တွင် လေဖောင်းမွေ့ရာ (Air mattress) ကို အဆင်သင့်ဖြန့်ခင်းခဲ့ကြပြီး ၅ ထပ်မြောက်ရှိ အခန်းတံခါးကို ဖျက်ဆီးဖွင့်လှစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။ သတင်းရရှိပြီး ၂၃ မိနစ်ခန့်အကြာတွင် အသက် ၄၇ နှစ်အရွယ် မြန်မာနိုင်ငံသားအဖြစ် စိစစ်သိရှိရသည့် အဆိုပါအမျိုးသားကို ဘေးကင်းလုံခြုံစွာဖြင့် အောက်သို့ မြေပြင်ပေါ်သို့ ချနိုင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအမျိုးသားသည် ၆ ထပ်မြောက်ရှိ မြန်မာဘာသာရေးစင်တာ (ဓမ္မာရုံ) မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ၅ ထပ်မြောက် အပြင်ဘက်နံရံရှိ အဲကွန်းစက်ကို ဖမ်းကိုင်မိကာ တင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာရှိ လူနာနှင့်နီးစပ်သူများ၏ ထွက်ဆိုချက်အရ အဆိုပါအမျိုးသားတွင် စိတ်ကျန်းမာရေးချို့ယွင်းချက် ရှိနေသည်ဟု ယူဆရသဖြင့် ၎င်းကို အရေးပေါ် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းသည် ပြုတ်ကျမှုကြောင့် ခြေကျင်းဝတ်တွင် ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များသည် အဆိုပါပြုတ်ကျမှုဖြစ်စဉ်၏ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေပြီးမျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် အခြားအချက်အလက်များအပေါ် အခြေခံ၍ ဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်ပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Ref: The Herald Business / The Korea Herald
