◾️ မြစ်ဆုံစီမံကိန်းမှာ ကောင်းကျိုးများရှိသလို ဆိုးကျိုးအနည်းငယ်လည်းရှိနေသဖြင့် ရှိနေသည့်ဆိုးကျိုးကို အကောင်းဆုံးနှင့် အနည်းဆုံးဖြစ်အောင် တွက်ချက်၍ တရားဝင်ထုတ်ပြန်ပေးသွားမည်ဟုပါ ပြောကြား



လင်းအိမ်
၃၀. ၆. ၂၀၂၆
မြစ်ဆုံစီမံကိန်းလုပ်ဆောင်မည်ဆိုပါက တစ်နိုင်ငံလုံး မီးလင်းမည်ဖြစ်ကြောင်းနှင့် စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်သလို နိုင်ငံတော်သမ္မတကြီးလည်း စိုးရိမ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ဇွန် ၃၀ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် MT News ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက “မေးခွန်းက ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု။ အဲဒီတော့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု ရှိမှာပါ။ ပြည်သူတွေ စိုးရိမ်ပူပန်မှုကို နိုင်ငံတော်သမ္မတကြီးကလည်း စိုးရိမ်ပူပန်ပါတယ်။ အဲတော့ ကျွန်မတို့ အဲဒီ စီမံကိန်းအတွက်ကို နိုင်ငံတော်သမ္မတကြီးက ၂၀၂၅ ဇူလိုင် ၂၂ ရက်နေ့တုန်းက အဲဒီတုန်းက ပြောခဲ့တာ ရှိပါတယ်။ ဒေသခံပြည်သူတွေ လက်မခံရင်၊ သဘောမတူရင် ဒီစီမံကိန်းက အောင်မြင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ဒေသခံပြည်သူတွေရဲ့ သဘောထား ရယူပါ ဆိုပြီးတော့။ ဒါကတော့ နိုင်ငံတော်သမ္မတကြီးတော့ မဟုတ်သေးပါဘူး၊ ယာယီသမ္မတ တာဝန်ယူထားတဲ့ ကာလတုန်းက ဒီလိုမျိုး လမ်းညွှန်ခဲ့ပါတယ်။ အဲတော့ သက်ဆိုင်ရာ ဒေသခံကော်မတီတွေ၊ နောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ အဲဒီတုန်းက ၂၀၂၆ ဇန်နဝါရီလနဲ့ ဖြစ်မယ် ထင်တယ်။ အဲဒီမှာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဖွဲစည်းပြီးတော့ ဒေသခံ ဟို မြေပြင်တွေက ပြည်သူလူထုနဲ့ မြေပြင်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အဲဒီမှာ သူတို့ ဆွေးနွေးပွဲ ရလဒ်တွေကို ထွက်လာပါတယ်။ ဒါက လောလောဆယ်တော့ ကျွန်မတို့ ဆွေးနွေးပွဲ ရလဒ်တွေကို ထုတ်ပြန်ပေးပါမယ်၊ Analyze လုပ်ဦးမှာပါ ” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ မြစ်ဆုံစီမံကိန်းမှာ ကောင်းကျိုးများရှိသလို ဆိုးကျိုးအနည်းငယ်လည်းရှိနေသဖြင့် ရှိနေသည့်ဆိုးကျိုးကို အကောင်းဆုံးနှင့် အနည်းဆုံးဖြစ်အောင် Check and Balance ပြုလုပ် တွက်ချက်၍ တရားဝင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“အဲဒီ ဆွေးနွေးပွဲ ရလဒ်တွေက အကျဉ်းချုပ်ပြီးတော့ ပြောရမယ်ဆိုရင် နံပါတ် (၁) က ဒီ ဆွေးနွေးခဲ့တဲ့သူတွေ အားလုံးက လျှပ်စစ်မီးလိုချင်ကြတယ်။ ဒါ ဒေသခံတွေနော်၊ ဒေသခံတွေ အားလုံးက လျှပ်စစ်မီး လိုချင်တယ်။ ဒါပေမဲ့ သူတို့ဆီမှာ တချို့တွေလည်း Information အမှားတွေ ရထားတယ်။ ဒါကြီးလုပ်လိုက်ရင် ရေကြီးရေလျှံမှုတွေ ပျောက်သွားမယ်၊ ဒေသခံတွေ နေရာတွေ ဖယ်ပေးရမယ် စသည်ဖြင့် လူတွေရဲ့ အသက်အိုးအိမ် စိတ်ပူစရာတွေ ဒါမျိုးတွေ သူတို့ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ အဲဒါတွေကိုလည်း ကျွန်မတို့ အသေးစိတ် ဆန်းစစ်လေ့လာတယ်၊ ကောင်းကျိုးက ဘယ်လောက်၊ ဆိုးကျိုးက ဘယ်လောက် ဖြစ်နိုင်လဲ Check and Balance , Balanc လုပ်ရပါမယ်။ စီမံကိန်းတိုင်းမှာ အကောင်းလည်း ရှိပါမယ်၊ အဆိုးဆိုတာလည်း ပါပါတယ်။ အဲဒီအတွက်ကို Check and Balance လုပ်လို့ အကောင်း ရာခိုင်နှုန်းများရင် ဒီစီမံကိန်းကို အကောင်းအထည်ဖော် သွားမှာဖြစ်ပါတယ်။ အဲတော့ ဒီမြစ်ဆုံစီမံကိန်းကို အကြမ်းဖျင်းအားဖြင့် ပြောရင်တော့ ဒါက ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ အဲဒီ ရှိနိုင်တဲ့ ဆိုးကျိုးကိုလည်း အကောင်းဆုံးနဲ့ အနည်းဆုံး ဖြစ်အောင်လို့ ပညာရှင်တွေက တွက်ချက်ပြီးတော့မှ ဒါကို တရားဝင် ကျွန်မတို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ် ” နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထို့ပြင် မြစ်ဆုံစီမံကိန်းနေရာ ၇ ခုရှိပြီး မြစ်ဆုံ ရေအားလျှပ်စစ်၊ ဧရာဝတီမြစ်ဆုံ မြစ်ညှာမြစ်ဝှမ်း ဒီစီမံကိန်းတစ်ခုထဲပင် မဂ္ဂါ၀ပ် ၅,၆၀၀ ထွက်ရှိမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတွက် မဂ္ဂါဝပ် ၁ သောင်းကျော် လိုအပ်ကြောင်း၊ ကျန်ရှိသည့် ၆ နေရာမှာ လျှပ်စစ်မဂ္ဂါဝပ်များကိုပါ ထည့်သွင်းပေါင်းလျှင် တစ်နိုင်ငံလုံးမီးလင်းရန် အလုံအလောက်ကျန်ရှိကြောင်း ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင်လည်း မြစ်ဆုံစီမံကိန်း ပြန်စရန်အတွက် ဆွေးနွေးခဲ့မှုများ ရှိခဲ့ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက ဆက်လက်ဖြေကြားခဲ့သည်။
“ကျွန်မတို့ ဒီခရီးစဉ်အတွင်းမှာလည်း မြစ်ဆုံစီမံကိန်း ပြန်စဖို့အတွက်ကို ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ ဒီကျွန်မတို့နိုင်ငံမှာ ရည်မှန်းချက် ရှိပါတယ်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းက ၂၀၃၀ မှာ ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံးပေါ့၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ရရှိဖို့ ရည်မှန်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ မီးမရရှိမှု နေ့တိုင်း၊ နွေရာသီ ရောက်ပြီဆိုရင် ကျွန်မတို့လည်း မီးမရတဲ့ ဒုက္ခ ကျွန်မတို့အားလုံး သိပါတယ် ” ၎င်းက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင် များအနေဖြင့် ဒေသခံပြည်သူများနှင့် အကြိမ်ကြိမ်ရှင်းလင်းဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး ၁၄ ကြိမ်မြောက် ဒေသခံပြည်သူများအားတွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၂၅ ရက်၊ နေ့လယ် ၂ နာရီက မြစ်ကြီးနားမြို၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
