◾️ မြန်မာနိုင်ငံဘက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီး ၄ ချက် ထွက်ပေါ်လာမှုကြောင့် တက္ကနက်ဖ် နယ်စပ်တစ်လျှောက် ထိတ်လန့်ခြောက်ခြားမှုများ ဖြစ်ပွား
သက်တံ့
၂. ၇. ၂၀၂၆
ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း၌ လေကြောင်းတိုက်ခိုက်မှုများ ၇ လနီးပါးအကြာတွင် ပြန်လည်စတင်လာကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒေသခံများ၏ ပြောပြချက်အရ ယမန်နေ့ည ၉ နာရီခွဲနောက်ပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ၄ ချက်ကို ကြားခဲ့ရပြီး အဆိုပါ ပေါက်ကွဲမှုများကြောင့် နေအိမ်များ တုန်ခါသွားကာ တက္ကနက်ဖ် (Teknaf) ရှိ ဂျာဒီမူရာ (Jadimura) မှ ရှာပိုရီဒွစ်ပ် (Shah Porir Dwip) အထိ ရှိသော လူထုအသိုင်းအဝိုင်းကြားတွင် ထိတ်လန့်ခြောက်ခြားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
တက္ကနက်ဖ်မြို့နယ် အုပ်ချုပ်ရေးမှူး (UNO) အက်စ်အမ် အာနစ် ချောင်ဒရီ (SM Anik Chowdhury) က မြန်မာနိုင်ငံအတွင်းမှ ပြင်းထန်သော ပေါက်ကွဲသံများကို တက္ကနက်ဖ် နယ်စပ်ဒေသများတွင် ကြားခဲ့ရကြောင်း အတည်ပြုပြောကြားသည်။ အာဏာပိုင်များအနေဖြင့် အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ဒေသခံများအနေဖြင့် အကြောင်းမဲ့ ထိတ်လန့်ခြင်းမရှိဘဲ သတိရှိရှိ နေထိုင်ကြရန် ၎င်းက တိုက်တွန်းထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းအချက်အလက် ရရှိထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ရှာပိုရီဒွစ်ပ်ရှိ နတ်မြစ်ကမ်းအနီးတွင် နေထိုင်သူ မိုဟာမက် ဆလမ် (Mohammad Salam) က မြေပြင်တစ်ခုလုံး လှုပ်ခါသွားသကဲ့သို့ ပြင်းထန်သော တုန်ခါမှုကို ခံစားခဲ့ရကြောင်း ပြောသည်။ ၎င်းက ပေါက်ကွဲသံအကျယ်ကြီး ၄ ချက်ကို ခပ်စိပ်စိပ် ဆက်တိုက်ကြားခဲ့ရပြီး ပထမဆုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နတ်မြစ်တစ်ဖက်ကမ်း (မြန်မာနိုင်ငံဘက်) မှ မီးတောက်များ မြင့်တက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဆာဘရန်း (Sabrang) ယူနီယံကောင်စီဝင်တစ်ဦးဖြစ်သူ အဘူလ် ဖာယက်ဇ် (Abul Fayez) က မြန်မာနိုင်ငံအတွင်း၌ တိုက်ပွဲများ အတန်ကြာ ငြိမ်သက်နေပြီးနောက် ပြန်လည်စတင်လာခြင်းဖြစ်ပြီး ၎င်း၏ သက်ရောက်မှုကို တက္ကနက်ဖ် နယ်စပ်တစ်လျှောက်တွင် ခံစားနေရကြောင်း ပြောသည်။ ပေါက်ကွဲသံများ ကြားရပြီးနောက် ဒေသခံအများအပြားမှာ ကြောက်လန့်တကြားဖြင့် နေအိမ်ပြင်ပသို့ ပြေးထွက်ခဲ့ကြကြောင်းနှင့် အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
နယ်စပ်ကို ကျော်လွန်၍ နောက်ဆုံး ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိခဲ့သည့် ဖြစ်စဉ်မှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က ရခိုင်ပြည်နယ်အတွင်း ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပေါက်ကွဲသံများ၊ လက်နက်ကြီးကျည်သံများနှင့် သေနတ်သံအကျယ်ကြီးများသည် အုခိယ (Ukhiya)-တက္ကနက်ဖ် နယ်စပ်တစ်လျှောက်သို့ လွင့်ပျံလာခဲ့ဖူးသည်။
ယခု လေကြောင်းတိုက်ခိုက်မှုကြောင့် AA စခန်းများ ချေမှုန်း ထိခိုက်ခံရမှုကို AA က ယနေ့သတင်းထုတ်ပြန်ချိန်အထိ ဖုံးကွယ်ထားဆဲဖြစ်သည်။
Ref : The Daily Star
